စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ဘေးရှောင်ရန်ထွက်လာသည့်မိသားစုတစ်စုသည် ဖေဖော်ဝါရီ၂၉ရက်၊ နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီထောင်ထားသည့်မိုင်းနင်းမိပြီး ၂ နှစ်အရွယ်ကလေးငယ်သေဆုံး၍ အသက်(၃၀)အရွယ် လင်မယား၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ကလေးမြို့တွင်း စစ်ရေးတင်းမာနေမှုများကြောင့် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ကလေးမြို့တောင်ပိုင်းသို့ ဆိုင်ကယ်ဖြင့်စစ်ရှောင်ထွက်ခွာလာစဥ် စစ်ကောင်စီအထိုင်ချ စက္ကန့်ရွာအနီး စစ်တပ်ထောင်ထားသော တိုက်မိုင်းကိုတိုးမိသွားခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်က MPAကိုပြောသည်။
” မြို့ပေါ်ကနေ ဒီဘက်ထိန်းချုပ်နယ်မြေကိုကူးတဲ့အချိန်မှာ သူတို့က ခွေး(စကစ)တွေရှိတဲ့ဘက်ကို လမ်းမှားပြီးတော့ ဝင်သွားတာဗျ၊ အဲ့ဒီမှာ ခွေးတွေထောင်ထားတဲ့တိုက်မိုင်းကိုတိုးမိပြီးတော့ သူတို့သမီးကချက်ချင်းပဲပွဲချင်းပြီးဆုံးတာဗျ။ ကလေးကနှလုံးကြွေပြီး ဆုံးသွားတယ်လို့ပြောတယ်။ ဖအေနဲ့မအေကတော့ ခြေသလုံးတွေပေါင်တွေမှာ ထိခိုက်ဒဏ်ရာရတယ်ဗျ “ ဟု ၎င်းကရှင်းပြသည်။
အဆိုပါမိသားစုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကယ်ထုတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားသည့်လင်မယား၂ဦးကို ဆေးကုသမှုပေးနေသည်ဟု သိရသည်။
ကလေးမြို့ပတ်ဝန်းကျင်နှင့် ကလေးမြို့ပေါ်ကို ဒေသကာကွယ်ရေးတပ်များက စစ်ရေးအရှိန်အဟုန်တိုးမြှင့် တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများအနေဖြင့် အမြန်ဆုံးထွက်ခွာကြရန် ဖေဖော်ဝါရီ(၂၅)တွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဒေသခံအများအပြား ဘေးလွတ်ရာသို့ရှောင်တိမ်းခဲ့ကြသည်။
” ကလေးမြို့အနောက်ပိုင်း တာဟန်း၊ မွန်းလိုင်၊ ကြို့သုံးပင်စတဲ့ ရပ်ကွက်တွေကတော့ တော်တော်များများရှောင်ကြတယ်။ အရှေ့ပိုင်းကရပ်ကွက်တွေကတော့ သိပ်ထွက်ဖို့မလွယ်ဘူးဗျ၊ ဒီအတိုင်းပဲ နေနေကြရတာများပါတယ်” ဟု ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်နေ အမျိုးသားတစ်ဦးက MPAကိုပြောသည်။
ကလေးမြို့စစ်ကောင်စီအနေဖြင့် ကလေးတောင်ပိုင်းသို့ ပြန်လည်စစ်ကြောင်းထိုး၍ ထိုမာရွာအတွင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်လျက်ရှိနေပြီး စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများလည်းပြင်ထန်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။