By Sayar Ngaat / MPA
ထိုင်းနိုင်ငံအစိုးရ၏ တရားမဝင်အလုပ်သမားပပျောက်ရေးစီမံချက်၊ ရက်ပေါင်း(၁၂၀)စီမံချက်ဖြင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံသားအလုပ်သမား ၂,၀၁,၁၁ ဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ခုနှစ်၊ ဇွန် ၅ရက်မှ ဇွန် ၁၂ရက်နေ့အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပထုံဌာနီ၊ ရနောင်းနှင့် အခြား ခရိုင်များရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်ပေါင်း ၁၇၇၄ နေရာကို ထိုင်းရဲများက ဝင်ရောက်စစ်ဆေးစဉ် အထောက်ထားမဲ့ မြန်မာနိုင်ငံသား အလုပ်သမားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများသည် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် အထောက်အထား မပြည့်စုံသူများဖြစ်ကြောင်း အထောက်အထားမရှိသည့် ထိုင်းနိုင်ငံရောက် အလုပ်သမား ကိုအောင်မင်းဌေးက ပြောသည်။
“ အထောက်အထားမရှိတဲ့သူတွေ၊ စာရွက်စာတမ်းမပြည့်စုံတဲ့သူတွေကို အဓိကထား ဖမ်းဆီးပါတယ်။အထောက် အထား မရရှိသေးတဲ့ ကာလတွေမှာ အသွားအလာသတိထားဖို့၊ တစ်ခါဖမ်းမိရင် အနည်းဆုံး ဘတ် ၁,၀၀,၀၀ ကနေ ၁,၅၀,၀၀ အထိ ဖမ်းဆီး ငွေတောင်းပါတယ်” ဟု ကိုအောင်မင်းဌေးက ပြောသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိသော်လည်း၊ ခွင့်ပြုထားသည့်နေရာ၌ လုပ်ကိုင်ခြင်းမရှိဘဲ အခြားနေရာတွင် သွားရောက်လုပ်ကိုင်ခြင်း (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ငန်းခွင်တစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်မှုများအား စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀,၀၀ မှ ဘတ် ၅,၀၀,၀၀ အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်ပိတ်ခံရမည်ဖြစ်ပြီး မိမိနေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရက ကြေညာထားသည်။
“ အခုလိုကာလမှာ ကျတော်တို့ နိုင်ငံကလည်း အခက်အခဲတွေ ကြုံတွေ့နေတယ်။ အဲဒီလိုအချိန်မှာ ဖမ်းဆီးမှုတွေ ဒီလိုမျိုး လုပ်လာတာကတော့ စိုးရိမ်စရာ အခြေအနေ ရှိတယ်။ အခု ထိုင်းနိုင်ငံအတွင်းမှာ သာမန်ရွှေ့ပြောင်းလုပ်သားတွေအပြင် အာဏာသိမ်းမှုနဲ့ ဆက်နွယ်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ အများအပြားရှိတယ်။ ကျတော်တို့အနေနဲ့ စိုးရိမ်စရာအခြေအနေတစ်ခုလို့ပဲ မြင်ပါတယ် ” Myanmar Humanitarian Action Center မှ တာဝန်ခံ ကိုရဲမင်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ လူငယ်များသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းလိုသောကြောင့် နယ်နမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်မှုများပြားလာကြောင်းနှင့် ထိုင်းအစိုးရမှ တရားမဝင်လမ်းကြောင်းများကို ထိန်းချုပ်ကန့်သတ်လိုသောကြောင့် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း ကိုရဲမင်းက သုံးသပ်သည်။
“ အထောက်အထားမရှိဘဲ ရပ်တည်ဖို့ဆို မလွယ်ပါဘူး။ ထိုင်းရဲတွေက အရမ်း ဖမ်းတယ်။ ဖမ်းပြီးရင်လည်း ပိုက်ဆံတွေ မတရားတောင်းတာမျိုးတွေလည်း ရှိတယ်။ ပြီးတော့ ရဲကတ်နဲ့ နေပြီး အလုပ်လုပ်ဖို့ကျတော့ အဆင်မပြေဘူး ” ဟု မဲဆောက်မြို့မှ ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သည့် ကိုဗာဟုက ပြောသည်။
ထိုင်းအစိုးရ၏ တရားမဝင်အလုပ်သမားပပျောက်ရေးစီမံချက်ကြောင့် မြန်မာနိုင်ငံသား ၂,၀၁,၁၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၃၉,၇၁ ဦး၊ လာအိုနိုင်ငံသား ၁၆,၅၉ ဦးနှင့် အခြားနိုင်ငံသား ၄,၄၄ ဦး အပါအဝင် စုစုပေါင်း တရားမဝင်နိုင်ငံခြားသားအလုပ်သမား ၂,၆၁,၈၉ ဦးတို့သည် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်ခြင်း၊ အထောက်အထားမရှိခြင်းနှင့် အထောက်အထားမပြည့်စုံခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသည့် နိုင်ငံခြားသားအလုပ်သမားများအနက် မြန်မာနိုင်ငံသား ၁၉၀ ဦး၊ လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ရှစ်ဦးနှင့် အခြားနိုင်ငံသား လေးဦး စသည့် အလုပ်သမား၂၄၀ဦးသည် တရားစွဲဆိုခံထားရပြီး အခြား ဖမ်းဆီးခံအလုပ်သမားများအား ပြစ်မှုအလိုက် ဒဏ်ငွေရိုက်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းစသည့် အရေးယူမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၁ရက်က မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းအား ထိုင်းရဲနှင့်စစ်တပ်မှ ဝင်ရောက်ကာ ရုံးခန်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့် ဓာတ်ပုံနှင့် PDF အလံတော်များကို သိမ်းဆည်းသွားခဲ့သေးသည်။