By Ko Paing / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ရွာစဥ်လှည့်မီးရှို့နေသော စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်းသိရသည်။
ဇွန်လ ၂၈ ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် နွားထိုးကြီးမြို့နယ် ကန်ဆင့်(မြောက်)ရွာမှ ပြန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဒီစစ်တပ်စစ်ကြောင်းက အရင်ဆုံး လက်သမားကန်ကို ကားနှစ် စီးနဲ့ဝင်တာ။ဝင်တဲ့အချိန်လည်း သေနတ်တွေနဲ့ ပစ်ပြီးမှ ဝင်တာ။ရွာထဲက အမျိုးသားတစ်ဦး ခြေထောက်ကို ကျည်မှန်သွားတယ်။ရွာထဲက အိမ် ငါးလုံးကို မီးရှို့တယ်။လက်သမားကန်ရွာထဲကနေပြီး ဘေးနားက ရွာတွေကို လက်နက်ကြီးနဲ့ ထပ်ပစ်တယ်။အဲ့ဒီကနေ အပြန်မှ မိုင်းဆွဲခံရလို့ ငါး ဦးသေတာ။အလောင်းတွေသယ်ပြီး မနေ့ကတည်းက ပြန်ဆုတ်သွားပြီ” ဟု နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံ က MPAသို့ ပြောသည်။
သေဆုံးသွားသည့် စစ်သားတို့၏အလောင်းများကို မြင်းခြံမြို့ဘက်သို့ ပြန်လည်သယ်ဆောင်သွား ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည်ဇွန်လ ၂၈ရက်၊ နံနက် ခြောက်နာရီခန့်တွင် လက်သမားကန်ရွာသို့ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်လာပြီး အနီးဝန်းကျင်ရှိ လက်ဝဲရွာနှင့်မြင်းနီရွာများသို့ လက်နက်ကြီးဖြင့် ရှစ်ချက် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံမြို့နယ် ပကဖ၊စွန်ရဲပြောက်ကျားတပ်ဖွဲ့နှင့်မြင်းခြံခရိုင်အမှတ်တစ် တပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြား အတည်မပြုနိုင်ပေ။