ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အစားအသောက်များ သွားရောက်လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မီးရှိ့ခံရသောကျေးရွာများမှ စစ်ဘေးရှောင်ကလေးငယ်များအတွက် အာဟာရဒါနအဖြစ် ကြာဇံဟင်း သွားရောက်လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့ (ယမန်နေ့) တွင် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင် ကလေးငယ် ၂၅၀ ဝန်းကျင်ကို ကြာဇံဟင်း ကျွေးမွေးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ လင်းခွန်း ၂၂ ပြည့်မွေးနေ့အထိန်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ကလေးငယ် ၂၅၀ ဝန်းကျင်ကိုလှူဒါန်းနိုင်ခဲ့ပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ နေ့တွင် အဖွဲ့ဝင် ၈ ဦးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်ပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများအပြင် ယခုလို အစားအသောက်ကျွေးမွေးလှူဒါန်းခြင်းဆိုင်ရာ အစီအစဉ်များတွင်လည်း ပါဝင်ကူညီဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုများနှင့် မြို့ပြပြောက်ကျားသပိတ်ဖော်ဆောင်ခြင်းများတွင်လည်း ပူးပေါင်းပါဝင်ဝန်းရံလျက်ရှိပြီး “ ရည်ရွယ်ချက်ကတော့ ပြည်သူကို မျက်နှာမူတဲ့အဖွဲ့စည်းဖြစ်ဖို့နဲ့ စစ်အာဏာရှင်ကိုလဲအမြစ်ပြတ်သည်ထိတိုက်ဖို့ပါပဲ”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေဖြင့် မီးရှို့ခံရသည့် ကျေးရွာများမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁,၃၄၂ အိမ်တိတိအား ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သလို နောက်ထပ်စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံပေးနိုင်ရန်အတွက်လည်း ပြင်ဆင်နေကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်းတွင် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၄,၇၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data For Myanmar ၏ စစ်တမ်းကောက်ယူဖော်ပြထားချက်အရ သိရှိရသည်။