စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စု၁၀၀ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တစ်အိမ်ထောင်လျှင် ဆီ ၁ ဘူး၊ ဒန်အိုး ၁ လုံး၊ ဒယ်အိုး ၁ လုံး၊ ဇလုံ၊ ဇွန်းကြီး၊ ဇွန်းသေး၊ ခွက်နှင့် ငါးသေတ္တာ ၁ ဘူး နှုန်းဖြင့် အိမ်ထောင်စု ၁၀၄စုကို မေလ၄ရက်နေ့က လှူဒါန်းခဲ့ပြီး ယခုလှူဒါန်းမှုသည် ၁၀ကြိမ်မြောက်ဖြစ် ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
” ယခုလို လှူဒါန်းနိုင်ဖို့ကူညီပေးတဲ့ ထိုင်းရောက်မြန်မာများကိုလည်းကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဧပြီ ၁၃ ရက်၊ ၁၄ ရက် နေ့တို့၌ ထိုင်းနိုင်ငံ၊ မဟာချိုင်၊ ဝေလ ၉လမ်း၌ ကျင်းပသော လမ်းလျှောက်သင်္ကြန် ရန်ပုံငွေပွဲတော်မှ ရရှိသည့် ငွေ ဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အညာဒေသတစ်ခွင်၌ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က လှူဒါန်းလျက်ရှိသည်။