နှစ်ဆန်းတစ်ရက်နေ့တွင် ဖုန်းမရှိသည့် ရဲဘော်များအား မဲဖောက်ပေးကာ သင်္ကြန်မုန့်ဖိုးလည်းပေးခဲ့ကြောင်း နေပြည်တော် ပကဖစစ်ရေးတာဝန်ခံ ဗိုလ်တေဇကပြောသည်။
ယမန်နေ့ (နှစ်ဆန်းတစ်ရက်နေ့)က နေပြည်တော် ပကဖ အတွင်းရှိ ဖုန်းမရှိသော ရဲဘော် ငါးဦးကို မဲနှိုက်စေကာ ဖုန်း လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ ဖုန်းတွေ တန်ဖိုးက နှစ်သိန်းကျော်ပေါ့။အမျိုးအစားလည်းမတူ စျေးမတူလို့ မဲဖောက်ပေးတာပါ။ဖုန်းမရှိတဲ့ ရဲဘော် ငါးယောက်အတွက်ပေါ့။ငါးယောက်လုံးကို ဝယ်ပေးခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် နေပြည်တော် ပကဖ ရဲဘော်၄၀ကျော်ကို နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရအဖြစ် တစ်ဦးလျှင် ကျပ်တစ်သောင်း မုန့်ဖိုးပေးခဲ့ကြောင်းလည်း ဗိုလ်တေဇကပြောသည်။
“ ရဲဘော်တွေလိုအပ်ချက်မှန်သမျှကို ဂရုတစိုက်နဲ့ဖြည့်ဆည်းပေးချင်ပါတယ်။
အဖွဲ့အစည်းကလည်း ငွေကြေးလိုအပ်ချက်ကများနေတော့ တတ်နိုင်သလောက်ပဲ ပေးရတာ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် နေပြည်တော် ပကဖ သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များအား စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်လျက်ရှိသည်။