By MPA
KNUတပ်မဟာ ၄နယ်မြေအတွင်း KNLA၊PDF၊PRDFမဟာမိတ်တပ်ပေါင်းစုနှင့် အကြမ်းဖက်စစ်ကောင်စီတို့ယခု တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ယင်းတိုက်ပွဲသည် ယနေ့နံနက် ၆နာရီ၄၅မိနစ်က စတင်ခဲ့ခြင်းဖြစ်ပြီး KNUတပ်မဟာ ၄ နယ်မြေအတွင်းရှိ ဆားခဲရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Palaw Regional Defence Force(PRDF) မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ဒီနေ့မနက်က ဖြစ်တာ။အခုထိ ဖြစ်နေတုန်း၊တိုက်ပွဲ တည်နေရာက ဆားခဲမှာ အခုဂျင့်ဂါဘက်ကလဲ စစ်ခွေးတွေ တက်လာနေတယ်” ဟု PRDFပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့နံနက် ၆နာရီ ၄၅မိနစ်ခန့်က KNLAနှင့် မဟာမိတ်တပ်ပေါင်းစု၏ အလစ်ဝင်တိုက်ခိုက်ခံရပြီး ၁၅မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကာ ခေတ္တငြိမ်သက်ပြီးနောက် စစ်ကြောင်းနှစ်ကြောင်းခွဲကာ တပ်မဟာ ၄နယ်မြေအတွင်း ပြန်လည် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ယခုလို စစ်ကြောင်းထိုးရာတွင် KNUတပ်မဟာ ၄နယ်မြေနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ဂျင့်ဂါရွာနှင့် ပိန္နဲတောင်ရွာများဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်အနေနှင့် တပ်ခွဲနှစ်ခုခွဲကာ အင်အားတစ်ရာကျော်ဖြင့် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီးများ အသုံးပြုမှုများရှိကြောင်း တိုက်ပွဲဖြစ်ပွားရာတွင် ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်များထံမှ သိရသည်။
“ သူတို့က ဂျင့်ဂါမှာ တပ်စွဲထားတာရှိတယ်။နယ်မြေထဲက ဆားခဲမှာ တပ်စွဲထားတာလည်းရှိတယ်။အခုဂျင့်ဂါနဲ့ ပိန္နဲတောင်ရွာတွေဘက်က စစ်အင်အား ၁၀၀ကျော်နဲ့ တပ်ခွဲနှစ်ခွဲ ခွဲပြီးဝင်နေတာ” ဟု တိုက်ပွဲထဲတွင် တိုက်ခိုက်နေသူ PDF တပ်စိတ်မှုးတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် အပြန်အလှန်တိုက်ခိုက်လျက်ရှိပြီး KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Palaw Regional Defence Force(PRDF) မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့များအနေနှင့် လက်ရှိအချိန်ထိ အထိအခိုက်အကျအဆုံးတစုံတရာမရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီဘက်က အခြေအနေကိုလည်း တိတိကျကျ မပြောနိုင်သေးကြောင်း KNLA ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကပြောသည်။