By MPA
စစ်တပ်မြို့ဟုခေါ်ဆိုသည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့၊ White House ဟိုတယ်ကို အကြမ်းဖက် စစ်ကောင်စီတပ်များမှ ယမန်နေ့ အောက်တိုဘာလ ၁၁ရက် ည ၁၁ နာရီဝန်းကျင်က ဝင်ရောက်စီးနင်း၍ လူငယ်အများအပြားအား ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါဟိုတယ်တွင် လာရောက် တည်းခိုနေသည့်လူငယ် ၁၅ယောက်ခန့် ဖမ်းဆီးခံခဲ့ရပြီး မည်သည့်အတွက် ဖမ်းဆီးခြင်းကို မသိရကြောင်း ပြောသည်။
” ညက ၁၁ နာရီလောက်က အဲဲ့ဒီဟိုတယ်ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ရောက်လာပြီး ဝင်စီးတယ်။ အဲ့ဒီမှာတည်းနေတဲ့ ကလေးတွေ အဖမ်းခံရတယ်။ များတယ် ဆယ်ယောက်ကျော် ၁၅ ယောက် လောက်ရှိမယ် ” ဟု အဆိုပါ ဟိုတယ်အနီးနေထိုင်သူ ဒေသခံတဦးက MPAသို့ ပြောသည်။
ပြင်ဦးလွင်မြို့သည် စစ်တပ်ကြီးစိုးသည့် မြို့ဖြစ်ပြီး ဗုံးပေါက်ကွဲမှုများလည်း မဖြစ်ပွားသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ၄င်းကဆက်လက်ပြော ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး ၁ မှ ဒလန်ပျူစောထီး ၁ ဦး ဓားထိုးသတ်ခံခဲ့ရပြီး Pyin Oo Lwin Speical Task Force အဖွဲ့က ၄င်းတို့လက်ချက်ဖြစ်သည် ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ ဒလန်သတ်ခံရပြီးနောက် စစ်ဆေးမှုများ တင်းကြပ်ထားပြီး ယခုကဲ့သို့ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပြင်ဦးလွင်မြို့ စစ်နည်းပညာတက္ကသိုလ် DSTA ကျောင်း အမှတ် ၃ အဝင်ဂိတ်ပေါက် ဗုံးဖြင့်ပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသူအများအပြားရှိခဲ့ကြောင်း သိရသည်။
#ပြင်ဦးလွင် #White House #Hotel #စီးနင်းခံရ #လူငယ်အများအပြား #ဖမ်းဆီးခံရ #MPA