ကယားပြည်နယ်(ကရင်နီ)၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် သေးဆူလဲကျေးရွာတို့တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား စက်တင်ဘာလ၂၅ရက်နေ့ နံနက်၉နာရီမှ စတင်ပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်အင်အား၂၀၀ခန့်ရှိသည့် စစ်ကြောင်းသည် ကုန်းသာကျေးရွာနှင့် ဆူးလဲကျေးရွာသို့ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရသည်။
“တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ သူတို့ဘက်က ပစ်တာပိုများပါတယ်။ ထိပ်တိုက်တော့မတွေ့ရသေးပါဘူး။ အခုထိပစ်နေကြတုန်းပါပဲ ” ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူကပြောသည်။
အဆိုပါတိုက်ပွဲကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီတပ်မတော်(KA)တို့က ပူးပေါင်းပြီး တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ၂၃ရက်နေ့တွင်လည်း ကုန်းသာရွာကျေးရွာ ကျောက်ဆယ်ကန်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တကျော့ပြန်တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဆိုသလို ပြန်လည်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ တဖြည်းဖြည်းများပြားလာလျက်ရှိသည်။