ကယားပြည်နယ်(ကရင်နီပြည်နယ်)အတွင်း တရားဥပဒေစိုးမိုးရေးအတွက် CDMလှုပ်ရှားမှုတွင်ပါဝင်သည့်ရဲ ၃၂၀ ဖြင့် ကရင်နီပြည်နယ်ရဲအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကသြဂုတ်လ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏အာဏာသိမ်းခြင်းနောက်ဆက်တွဲအနေဖြင့် မြန်မာပြည်တစ်ဝန်းနှင့်ကရင်နီပြည်နယ်အတွင်း ပြည်သူလူထု၏ဘဝလုံခြုံမှုနှင့်တရားဥပဒေ စိုးမိုးရေးကဏ္ဍများမှာလုံးဝပျက်သုဉ်းနေသည့်အတွက်ယခုကဲ့သို့ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကောင်စီ ကထုတ်ပြန်ထားသည်။
ပြည်သူ့လူထု၏အကျိုးစီးပွားရေးနှင့်ဘဝလုံခြုံရေးအတွက် အမှန်တကယ်စောင့်ရှောက်သွားမည့်ပြည်သူရဲများအဖြစ် တော်လှန်ရေးကာလတွင် ပြည်သူများ၏လိုအပ်ချက်များလုပ်ငန်းစဉ်များချမှတ်၍ အတတ်နိုင်ဆုံးပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ကရင်နီပြည်ရဲအဖွဲ့ ၏လုပ်ငန်းစဉ်အသေးစိပ်နှင့်ပတ်သက်၍သတင်းထုတ်ပြန်ထားခြင်းမရှိပေ။ “သူတို့ကတော်လှန်ရေးရောလုံခြုံရေးအပိုင်းမှာပါ ပါဝင်ဆောင်ရွက်မယ့်သဘောရှိပါတယ်။ အသေးစိပ်တော့ပြောဖို့မလွယ်သေးပါဘူး” ဟု ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDF)မှတာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ကရင်နီပြည်နယ်တွင် လူထုသပိတ်လှုပ်ရှားမှုများပြုလုပ်ချိန်မှစပြီး တိုက်ပွဲကာလများအတွင်း ပြည်သူလူထုနှင့်ပူးပေါင်းခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့်ကရင်နီပြည်နယ်ရဲအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ကရင်နီရဲဖွဲ့၏ထိန်းချုပ်ကွပ်ကဲရေး အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကိစ္စများကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ဆုံးဖြတ်သွားမည်ဟုသိရသည်။
ကရင်ပြည်နယ်အတွင်း မေလတတိယအပတ်မှစတင်ခဲ့သောတိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူလူထုအပေါ်တွင် ဖမ်းဆီးနှိပ်စက်မှုများရှိခဲ့ပြီး တရားမဲ့ပြုကျင့်မှုများရှိသည့်အတွက် ယခုကဲ့သို့ ကရင်ပြည်နီရဲတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။