ကယား(ကရင်နီ) ပြည်နယ်ရှိ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော အကြမ်းဖက်စစ်တပ်သည်အထိအခိုက်အကျအရှုံးများဖြင့်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသိရသည်။
“ဒီကောင်တွေက ကျွန်တော်တို့ရှိတဲ့နေရာကိုလာဖြိုခွင်းတဲ့သဘောပါ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဆီလာတိုက်တဲ့အတွက်ပြန်တိုက်ကြတာပါ။ အခုတော့ဒီကောင်တွေ ဆုတ်သွားကြပါပြီ” ဟုကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှတာဝန်ရှိသူတစ်ဦးက MPAသို့ပြောပါသည်။
ကယားပြည်နယ်အတွင်း ဖရူဆိုမြို့နယ်ရှိကျေးရွာအချို့တွင် သြဂုတ်လ၄ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲ(၄)ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်မှ ၅၀ဦးထက်မနည်းကျရှုံးခဲ့မည်ဟုခန့်မှန်းထားကြောင်းသိရသည်။
ဖရူဆိုမြို့နယ် ၊ ဖယ်ခုံမြို့နယ်၊ ဘော်လခဲမြို့နယ်၊ ဒီမော့ဆိုမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကယားပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် ကရင်နီတပ်မတော်(KA)နှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများတွင်စစ်တပ်မှ အင်အားအမြောက်အမြားအသုံးပြုခြင်း ၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ အကျအဆုံးမရှိဘဲ တစ်ဦးသာ လက်နက်ကြီးအစ ထိမှန်ပြီးဒဏ်ရာရရှိခဲ့သည်။စစ်တပ်အနေဖြင့် ကျေးရွာများရှိ ပြည်သူလူထုကိုခြိမ်းခြောက်ခြင်း၊ အစားအစာများလုယက်ယူငင်ခြင်း၊ စျေးဆိုင်များကိုဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
လက်ရှိအချိန်တွင် စစ်တပ်ဘက်မှ အထိအခိုက်အကျအရှုံးများသည့်အတွက် တိုက်ပွဲဖြစ်ပွားသည့်နေရာများမှထွက်ခွါသွားပြီဖြစ်သော်လည်း ဖရူဆိုမြို့ပေါ်တွင် ဆက်လက်နေရာယူထားဆဲဖြစ်သည်။
မေလဆန်းပိုင်းမှ ဇွန်လဆန်းအထိ ကယားပြည်နယ်တွင် တိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ၁သိန်းကျော်စစ်ရှောင်ခဲ့ရသည်။ ဇွန်လကုန်ပိုင်းနှင့်ဇူလိုင်လပိုင်းအတွင်း စစ်ပွဲများငြိမ်သက်ခဲ့သည့်အတွက် စစ်ရှောင်အချို့ နေရပ်ပြန်ခဲ့ကြသော်လည်း ယခုအချိန်တွင်စစ်ပွဲများပြန်လည်ဖြစ်ပွားလာသဖြင့် စစ်ရှောင်စခန်းများသို့ ပြန်လည်ရောက်ရှိလာကြရပြီဖြစ်သည်။
ကယားပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က လူနေအိမ်များကို ဖျက်ဆီးခြင်း၊ ဘာသာရေးကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အင်အားအများအပြားအသုံးပြုခြင်း၊လေကြောင်းအပါအဝင် လက်နက်ကြီးများအသုံးပြုခြင်း နှင့် လူသားဒိုင်းကာပြုလုပ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။
Photo_ KNDF(စစ်တပ်က တပ်စွဲထားစဉ်နေအိမ်အချို့ကိုဖျက်ဆီးခဲ့သောမြင်ကွင်းများဖြစ်ပါသည်)