တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာနေ
မူးယစ်ဆေးဝါးရောင်းသူ ၂ ဦးကို ပုလောPDFက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၆ရက်၊ မွန်းလွဲ ၂နာရီခန့် က လက္ကူးကျေးရွာ နေ မူးယစ်ဆေးဝါးရောင်းချသူ ၂ဦး ဖြစ်သော အသက် ၅၅ နှစ်အရွယ်ရှိ ဒေါ်ဝင်းပိုနှင့် အသက် ၂၈ နှစ်အရွယ်ရှိ ကိုအာကာဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပုလောPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ လက္ကူးရွာထဲ သွားဖမ်းတာပါ။မူးယစ်ဆေး WYပေါ့။အရပ်အခေါ် မြင်းဆေးရောင်းတဲ့သူ ၂ ဦးကို ဖမ်းမိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးရောင်းသူ ၂ဦးထံမှ WY ဆေးပြားများထည့်ထားသည့်ပိုက်လုံး၊ ငွေကျပ် ၂၄၆၀,၀၀၀နှင့် မူးယစ်ဆေးသုံး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ ဒေါ်ဝင်းပိုအိမ်ကို ဝင်ဖမ်းတာ။ဆေးသွားဝယ်တဲ့ ၂ကောင်ပါ PDFနဲ့တိုးပြီး အဖမ်းခံလိုက်ရတယ်။နောက်တစ်ခါ လုံးဝမသုံးဖို့ပြောပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု လက္ကူးကျေးရွာသားတစ်ဦးက ပြောသည်။
ယခု ဖမ်းဆီးခံရသည့် ကိုအာကာဦးမှာ ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလတုန်းကလည်း မူးယစ်ဆေးရောင်း သဖြင့် ဖမ်းဆီးခံခဲ့ရပြီးဖြစ်သည်။
“ အခုအာကာဦးက နောက်နောင်ဆေးမရောင်းတော့ဘူးဆိုပြီး ခံဝန်နဲ့ လွတ်လာတာ။ မနေ့ကဖမ်းတော့ သူပြန်ရောင်းနေတာမိပြီး ပါသွားတယ်။ အခုPDFစခန်းမှာပဲ ထားထားတယ်” ဟု ပုလောPDFတာဝန်ရှိသူက ပြောသည်။
လက္ကူးကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ထပ်မံဖမ်းဆီး သွားမည်ဖြစ်ကြောင်း သိရသည်။