တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာ၊ မယ်ဝေးတောင်ပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဖေဖောဝါရီ ၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဗထူးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူထံက သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စခန်းကုန်းသည် စစ်ကောင်စီ၏ အမှတ် ၈ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်၊ အမှတ် ၄၀၁ ခြေမြန်တပ်ရင်း၊ အမှတ် ၄၀၂ ခြေမြန်တပ်ရင်းတို့နှင့် ကပ်လျက်တွင် တည်ရှိသည့် စခန်းတစ်ခုလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ ထိခိုက်ကျဆုံးကတော့ ၂ ဦး သေတယ်ဗျ။ ဒဏ်ရာပြင်းထန်ကတော့ နှစ်ကောင်ပေါ့။ ကျန်တာကတော့ အတည်ပြုလို့မရသေးဘူးဗျ။ သူတို့ကစခန်းကနေ အကုန်ထွက်ပြေးသွားတယ်ဗျ” ဟု ဗထူးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူကရှင်းပြသည်။
တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စခန်းကုန်းသည် သာသနာ့နယ်မြေအတွင်းတည်ရှိနေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက စခန်းကုန်းကို မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
“ စကစအင်အားက ပုံမှန်ဆို ၁၀ ကောင်လောက်ရှိမယ်ဗျ။ သူက တပ်ရင်းတွေအလယ်မှာဆိုတော့ အင်အားနည်းနည်းလေးပဲသုံးပြီး တပ်စွဲထားပုံရတယ်။ တပ်ရင်းတွေကြားမှာရှိတာဆိုတော့ ခက်ခဲမှုကတော့အများကြီးရှိခဲ့ပါတယ်ဗျ။ သူတို့တပ်စွဲထားတာကတော့ အာဏာသိမ်းပြီးကတည်းလို့ ပြောလို့ရတယ်ဗျ” ဟု ဗထူးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက ဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် – BHA နှင့် ထားဝယ်စုပေါင်းစစ်ကြောင်း-DCC တို့ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်ပြီး စစ်ဆင်ရေးအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
“ အဲ့ဒီနေရာက စကခ ၈ ကို ကာဖို့ထားတဲ့ နေရာပေါ့၊ အဲ့ဒီနေရာကို ဗထူးအာမီက တက်တိုက်တာပါ။ သူတို့က တော်တော် သတင်းယူတာသေချာတယ်၊ တိကျတယ်။ အဲ့ဒီနေရာက သူတို့ ကောင်းကောင်းကျင်လည်တဲ့နယ်မြေတစ်ခုလဲ ဖြစ်တယ်” ဟု ဗထူးတပ်မတော်နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာနှင့် ဝကုန်းကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဗထူးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ဗထူးတပ်မတော်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီတပ်သားများကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန်လည်း ဗထူးတပ်မတော်က အသိပေးထုတ်ပြန်ထားသည်။