ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုဗျူဟာ၊မိုင်းလွန်းပင်တပ်စခန်းကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းစဉ် လေကြောင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်၊ နေ့ခင်း ၁၂ နာရီ ၅ မိနစ်ခန့်တွင် လိပ်သိုဗျူဟာ၊မိုင်းလွန်းပင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၁ နာရီခွဲ ကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထောက်ပို့လေယာဥ်ဖြင့် ဗုံးကြဲချခဲ့ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းစစ်မြေပြင် သတင်းရင်းမြစ်ထံက သိရသည်။
“ကျနော်တို့ ၁ နာရီခွဲကြာတိုက်တာမှာ လေယာဥ်က တိုက်ပွဲဖြစ်ပွားပြီး ၁ နာရီလောက်မှာ ၆၀ (မမ) တွေကြဲချတယ်။အဲ့အချိန် ကျနော်တို့ အထိနာပြီး စခန်းမရခဲ့ဘူး။ရန်သူ့အင်အားကလည်း အရမ်းနည်းနေပြီ။ အတွင်းထဲမှာ ၄ ယောက်ပဲကျန်တယ်။ကျနော်တို့ဘက်ကလည်း လေယာဥ်ဒဏ်မခံနိုင်တော့ဘူး။အမိန့် တစ် ခုကျလာတယ်။ထိခိုက်နေပြီ ပြန်ဆုတ်။ကျနော်တို့ ဘော်ဒီ ၂ လောင်းပဲ ပြန်ဆွဲနိုင်ခဲ့တယ်။၃လောင်းကျန်ခဲ့တယ်” ဟုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း KNLA တပ်မဟာ- ၂ မှ ကွန်မန်ဒိုရဲဘော် ၁ ဦးနှင့် နေပြည်တော်တပ်ရင်း(အလယ်ပိုင်းတိုင်း) မှ PDFရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်းသိရသည်။
ယင်းနေ့ ညနေ ၅ နာရီတွင် လိပ်သိုအခြေစိုက် ခမရ -၆၀၃ တပ်ရင်းမှ မိုင်းလွန်းပင်စခန်းသို့ စစ်ကူရောက်ရှိလာပြီး သေဆုံးသွားသည့် စစ်ဗိုလ်အလောင်းကို ပြန်လည်သယ်ဆောင်သွားကာ တပ်သားများ၏အလောင်းများအား မီးရှို့ထားခဲ့ကြောင်းသိရသည်။
မိုင်းလွန်းပင်စခန်းကို ဝင်တိုက်စဉ် ရွှေနန်းကလေးစစ်တပ်စခန်း၊ဇလဲ စစ်တပ်စခန်းနှင့်လိပ်သို ခမရ- ၆၀၃ တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့ရာ တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ရှိ ကလေး၁ဦး အပါအဝင် ဒေသခံ ၅ဦး သေဆုံးခဲ့ပြီး ၈ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“စစ်ရှောင်က တစ်နေရာတည်း နေကြတာမဟုတ်ဘူး။သူ့အစုနဲ့သူနေကြတာ။တချို့က ရွာထဲပိတ်မိနေတာ။စစ်တပ်ကလည်း အင်အားတိုးပြီး လှည့်နေတုန်းပဲ” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦး ကပြောသည်။
စစ်သားများသည် မိုင်းလွန်းပင်စခန်းမှ စွန့်ခွာထွက်ပြေးသွားကြပြီး ဖေဖေါ်ဝါရီ၄ရက်တွင် ယင်းစခန်း သို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်ရှင်းလင်းခဲ့ရာ မီးရှို့ထားသော စစ်သားအလောင်း ၇ လောင်း၊ လက်နက်ကြီးကျည်၊ရိက္ခာနှင့်ခဲယမ်းမီးကျောက်တို့ တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လိပ်သို၊ မိုင်းလွန်၊ ဇလဲနှင့် ကော်ပတ်ခြံ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ-၂ ၊တပ်ရင်း ၄၊၅၊KNLA အထူးကွန်မန်ဒိုအဖွဲ့၊နေပြည်တော်တပ်ရင်း-၈၀၂၊၈၀၅(အလယ်ပိုင်းတိုင်း)၊တောင်ငူခရိုင် PDF ၃၅၀၁ တပ်ရင်း(တပ်ခွဲ – ၁)နှင့်ပြည်ခရိုင် PDF ၃၆၀၂ တပ်ခွဲ-၅(Alpha One Drone Team) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။