တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDFတပ်ခွဲမှူးအပါ အဝင်ရဲဘော် ၃ဦးကို ယနေ့ တွင် ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။
ယနေ့(ဇန်နဝါရီ၃၁ရက်) နေ့ခင်း ၁၂နာရီ ဝန်းကျင်က မြိတ်ခရိုင်တပ်ရင်း- ၁၊တပ်ခွဲ -၃မှ တပ်ခွဲမှူးဗိုလ်မိုးညိုနှင့် ရဲဘော်ကျော်ကြီးတို့ကို ပုလောPDF လွတ်မြောက်နယ်မြေတစ်ခုတွင် ဈာပနအခမ်းအနားကျင်းပကာ မြေချခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁၊ပုလော PDF၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။
“ ကျဆုံးရဲဘော်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။စစ်ရေးအခမ်းအနားနဲ့ အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပြီးပါပြီ။သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ မွန်းလွဲ ၁နာရီခန့်ကလည်း ပုလောစစ်ကြောင်း -၁ က ကျဆုံးရဲဘော် မင်းဇော်၏ ဈာပန ပြုလုပ်ခဲ့ ကြောင်း ပုလောစစ်ကြောင်း- ၁၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ရဲဘော် မင်းဇော်က အသက် ၁၈နှစ်ပဲရှိပါသေးတယ်။ကျဆုံးမှုအတွက် ကျွန်တော်တို့က စစ်ကောင်စီကို ပိုပြီးတော်လှန်သွားဖို့ တွန်းအားတစ်ခုပိုရသွားတာပေါ့” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၃၀ရက်က ပုလောမြို့နယ်၊မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို ပုလောPDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ဗိုလ်မိုးညိုအပါအဝင် PDFရဲဘော် ၃ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်ချောင်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒဏ်ရာရခဲ့သော ပုလောPDF၏ မဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့မှ ရဲဘော် တစ်ဦးမှာ ယနေ့ နံနက်တွင် ထပ်မံ ကျဆုံးခဲ့သေးသည်။