မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချနေရာ ၃ခုကို PDFများ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့ပေါ်ရှိ စစ်တပ်အထိုင်ချထားသော အမှတ် ၃ စာသင်ကျောင်း၊ ဘူတာရုံနှင့် ကိုးဆောင်ကျောင်းတိုက် တို့ကို ဒီဇင်ဘာ ၆ရက်၊နံနက်၈နာရီ ခန့်တွင်ဒေသတွင်း PDF တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Earthquake People’s Defence Force ထံက သိရသည်။
” နေရာ ၃ ခုကို သိမ်းဖို့သွားတာပါ ။ကျွန်တော်တို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်၊လက်နက်ငယ်တွေနဲ့ ပစ်တော့ သူတို့လည်း ပြန်ပစ်တယ်။ ကျွန်တော်တို့ဘက်တော့အထိအခိုက်မရှိပါဘူး။ ၄၅ မိနစ်လောက်တိုက်ပွဲ ဖြစ်သွားခဲ့တော့ သူတိူ့ဘက်ကအထိအခိုက်များတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ” ဟု Earthquake People’s Defence Force မှ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
စစ်သားများသည် ပြန်လည်ပစ်ခတ်ပြီးနောက် မြိုင်မြို့မရဲစခန်းဘက်သို့ ထွက်ပြေးသွားကြောင်း လည်း ၎င်းကဆိုသည်။
မြိုင်မြို့ပေါ်တွင် စစ်သားအင်အား ၂၂၁ဦးရှိပြီး ဒီဇင်ဘာ၆ရက်နေ့တိုက်ခိုက်မှု၌ စစ်သား ၃ဦး သေဆုံး ကာ ၇ဦးဒဏ်ရာရသည်ဟု ကြားသိရကြောင်း မြိုင်ပကဖတာဝန်ခံ ဗိုလ်လကျာ်က ပြောသည်။
” တပ်စွဲထားတဲ့နေရာ ဘူတာရုံကို အကုန်မီးရှို့ပစ်လိုက်တယ် ။သူတို့ဘက်က အပြင်ထွက်မလာရဲတော့ပါဘူး။ အလံဖြူထောင်ဖို့ပဲ ရှိတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲမှုပြီးနောက် ၁နာရီ ခန့်အကြာတွင် စစ်ကောင်စီတပ်က မြိုင်မြို့ပေါ် NLD ရုံးနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာများမှ ပြည်သူပိုင်နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ထိခိုက်မှုကို MPA အနေနှင့် သီးခြား အတည်မပြုနိုင်သလို မီးလောင်ကျွမ်းသွားသော အိမ်အရေအတွက်ကိုလည်း အတည်မပြုနိုင်သေးပေ။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ မြိုင်ပကဖ တပ်ရင်း ၂ နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။