PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုမှ ရှေ့တန်းတွင် စစ်ကောင်စီနှင့်တိုက်ပွဲဝင်နေသော တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ (PDF) နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များထံသို့ စားနပ်ရိက္ခာများပြင်ဆင်ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း MPA ၏ သတင်းရင်းမြစ်ထံက သိရသည်။
PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဉ်သည် NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ်တခုဖြစ်ပြီး ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာနမှတင်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းများအားလုံးအတွက် လစဉ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေပြီး အမေရိကန်ဒေါ်လာ (၇.၈) သန်းအထိ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းသို့ တပ်ရင်းများအားလုံးအတွက် စားနပ်ရိက္ခာများ လစဉ်ထောက်ပံ့ပေးနေသည့်အပြင် ရှေ့တန်းရဲဘော်များထံသို့ပါ ယခုလို အစားအသောက်များပေးဖို့နိုင်ရန် စီစဉ်လုပ်ဆောင်ပေးလျက်ရှိပြီး ကျားသစ်နက်စစ်ကြောင်းမှ ရှေ့တန်းရောက် ရဲဘော်များထံသို့ ကနဦးပေးပို့ပေးနိုင်ခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းထံက သိရသည်။
“ ကျနော်လည်း အဲ့ဒီ ကြက်မွှကြော်လေးရတော့ ပျော်သွားတယ် အစ်မ “ ဟု ကျားသစ်နက်စစ်ကြောင်းမှ ရှေ့တန်းရောက် ရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင် PRF အစီအစဥ်၏ ထောက်ခံမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသကာကွယ်ရေးအဖွဲ့ (LDF) များနှင့် စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ အမေရိကန်ဒေါ်လာ (၁.၆) သန်းကို တိုက်ရိုက်ပေးပို့နိုင်ခဲ့ကြောင်းလည်း PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု၏ ထုတ်ပြန်ထားချက်အရ သိရသည်။
RPF မှ ရှေ့တန်းက တိုက်ပွဲဝင်နေသည့် ရဲဘော်များအတွက် အစားအသောက်ပေးပို့မှုနှင့် စပ်လျဉ်း၍မေးမြန်းရာ ” ကြက်မွှက အရေအတွက်က အထုတ် ၂၀၀ လောက်တော့ရှိပါတယ်။ စက္ကူဖာနဲ့ နှစ်ဖာရခဲ့တာပါ။ အဲ့ဒီဟာကို အရှေ့တန်းကို ခွဲခြမ်းပေးလိုက်ပါတယ်။ ကော်ဘရာ၊ venom၊ ကျားသစ်နက်က ရှေ့တန်းရဲဘော်တွေကို ခွဲခြမ်းပေးလိုက်တာပါ “ ဟု ကျားသစ်နက်စစ်ကြောင်းက ပြောသည်။
PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့ မိသားစုအစီအစဥ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် စတင်ခဲ့ပြီး စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့အထိ (၁၅) လတာကာလအတွင်း အမေရိကန်ဒေါ်လာ (၉.၄၂) သန်းလက်ခံရရှိခဲ့ကာ တော်လှန်ရေးအတွက် စနစ်တကျခွဲဝေအသုံးပြုခဲ့ပြီးဖြစ်ကြောင်း အစီအစဥ်နှင့်ပတ်သက်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများအား PRF မှ ရှင်းလင်းတင်ပြထားသည်။
PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဉ်တွင် ပြည်သူများအနေဖြင့် လစဥ် အမေရိကန်ဒေါ်လာ ၂၀ မှစ၍ ထည့်ဝင်ကာ ထောက်ပို့မိသားစုအဖြစ် ပါဝင်နိုင်ကြောင်းနှင့် အသေးစိတ်ကို PRF – People’s Revolution Supply Family ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။