ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အနီးတစ်ဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ယနေ့အထိ ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း MPA ၏ သတင်းရင်းမြစ်က ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ်ကျော်၍ ထိုင်းဘက်ခြမ်းသို့ သွားရောက်ခိုလှုံကြရသည့် စစ်ဘေးရှောင်များလည်း ပိုမို များပြားလာသော်လည်း ဒေသခံပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအပေါ် ယုံကြည်အားပေးထောက်ခံဆဲဖြစ်သည်ကို မြင်တွေ့ရသည်။
“ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကပေါ့၊ အဒေါ်ကြီးတစ်ဦးက ဆာလာအိတ်နဲ့ အထုတ်လေး နှစ်ထုတ် သယ်လာပြီးတော့ ကျနော်တို့ နားမရောက်တရောက်လောက်မှာ လက်ယက်ခေါပြီး ထားပေးခဲ့တာပေါ့။ အဲ့ဒါနဲ့ ကိုယ့်ဆီက လူတွေကလည်း သွားရောက်စစ်ဆေးကြည့်ပြီး ဖွင့်ကြည့်တော့မှ ကိုယ်တွေအတွက် စားစရာ မုန့်၊ ရေသန့်၊ အအေးနဲ့ ခေါက်ဆွဲခြောက်၊ အစရှိတာတွေ တွေ့ရပြီး စာလေးတစ်စောင်ပါ ဆာလာအိတ်ထဲခေါက်ပြီး ထည့်ထားတာ တွေ့ရပါတယ်” ဟု ကော်ဘရာ ရဲဘော်တစ်ဦးက ပြောသည်။
ယင်းစာထဲတွင် “ သားတို့ရေ အမေရှိတာလေးနဲ့ စုပေါင်းပြီး စားစရာလေးတွေ ထပ်ထည့်ပေးလိုက်တယ်နော်။ အစစအရာရာ ဂရုစိုက်ကြပါ။ သူတော်ကောင်းသားလေးတွေ ဘေးကင်းကြပါစေ။ အမေ အချိန်တိုင်း ဆုတောင်းပေးပါတယ်။ ဘုရားတရားလည်းမမေ့ကြနဲ့။ အားတင်းထားနော်။ စိတ်ဓာတ်မကျနဲ့။ အားလုံးက သားတို့ဘက်မှာကြီးဘဲ။ မပြောရဲလို့သာ ကြိုးစားပါ နိုင်ရမည်” ဆိုသည့် စာများ ရေးသားထားကြောင်း တွေ့ရသည်။
ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများသည် အထိနာနေသဖြင့် လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ အသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းစစ်ကြောင်းများကို အပြင်းအထန် ခုခံနေရသည့်အပြင် စစ်ကောင်စီတပ်သားများသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှတစ်ဆင့် အရပ်သားပြည်သူများ၏ မော်တော်ယာဥ်များကို အသုံးပြုကာ လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများအား ပို့ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူလူထုအနေဖြင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ စတင်ကာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့အထိ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခွင့် မပြုရန် ဧပြီလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။