မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးရွာ မှ ကင်းထွက်လာသော စစ်ကောင်စီတပ် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ ထံကသိရသည်။
ဧပြီ၇ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ် တပ်စွဲထားသောမြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာမှ ခြေလျင်ကင်းပတ်ထွက်လာသော စစ်သားနှင့်ပျူစောထီး၅ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သူတို့က ခြေလျင်ထွက်လာတာ စစ်သားနဲ့ပျူ ၅ ဦး မိုင်းကွင်းအရောက်မှာ မိုင်းဆွဲလိုက်တာ တပ်ကြပ်ကြီးမောင်ဌေး နေရာမှာပဲသေတယ်။ပျူတစ်ကောင်ပြင်းထန်ဒဏ်ရာရတယ်။ပြန်တောင်မပစ်နိုင်ပါဘူး။ဒဏ်ရာရတဲ့ကောင်ကိုပြန်သယ်ပြီး အလောင်းကိုထားခဲ့တာ”ဟု ပြည်သူ့အားမာန်တပ်ဖွဲ့ ခေါင်းဆောင်ရဲဘော်ကိုဇွဲ ကပြောသည်။
ယနေ့ နံနက်ပိုင်းတွင် သရက်ကန်ပျူစောထီးရွာမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး သေဆုံးသွားသော တပ်ကြပ်မောင်ဌေးကို လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
“ဒီမနက်မှ အလောင်းသယ်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ဟိုပစ် ဒီပစ်ပြီး လာသယ်သွားတာ အဲ့ဒီတပ်ကြပ်ကြီးက အသက် ၆၀ ပြည့်တော့မှာ၊ ၂ နှစ်သက်တမ်းတိုးထားတယ်လို့ သိရတယ်ဗျ”ဟု ၎င်းကဆိုသည်။
စစ်သားနှင့်ပျူစောထီး သေဆုံးဒဏ်ရာရရှိခြင်းအပေါ် MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ မြိုင်မြို့နယ် (ပကဖ)မှ TYKနှင့်မုန်တိုင်းတပ်ဖွဲ့ တို့ပူးပေါင်းဆင်နွှဲခဲ့သည်။