မြိုင်မြို့နယ်၊ ညောင်ရွာအနီးရှိ PDF စခန်းတစ်ခုအား ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲ၀န်းကျင်တွင် စစ်ကောင်စီဘက်မှ Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ကာ၊ Mi 17 ဖြင့် အင်အား ၄၀ ခန့်ရှိသည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကိုချကာ ၀င်ရောက် စီးနင်းခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်မှ သိရှိရသည်။
“ ကျွန်တော်တို့ ၂:၃၀ ဝန်းကျင်လောက်မှာ သတင်းရတယ်။ သတင်းရရချင်း တန်းပြီး ရွှေ့ဖို့ လုပ်နေတုန်းရှိသေး လေယာဉ်တန်းရောက်လာပြီး စခန်းကို အရင်ပစ်တယ်။ ကျွန်တော့တို့ ကားနှစ်စီးနဲ့ ထွက်နိုင်ခဲ့ပေမယ့် ကားကိုလည်း လိုက်ပစ်တယ်။ ကားကို သုံးပတ်လောက်လိုက်ပြီး ပစ်တယ်” ဟု စခန်း၀င်စီးခံခဲ့ရသည့် အခြေအနေအား အလင်းတန်းပြောက်ကျားတပ်ဖွဲ့၏ စခန်းတာ၀န်ခံ ဗိုလ်တပ်ခေါင်က ပြောပြသည်။
ထိုဖြစ်စဉ်အတွင်း လူအထိအခိုက်မရှိဘဲ ကြိုတင်ရှောင်လိုက်နိုင်သော်လည်း ကားနှစ်စီး၊ ဆိုင်ကယ် ငါးစီး၊ ငွေသိန်း ၁၀၀၊ မိုင်းနှင့် ဆက်စပ်ပစ္စည်း သိန်းငါးဆယ် ၀န်းကျင် ဆုံးရှုံးခဲ့ရပြီး စခန်းသည်လည်း မီးရှို့ ခံခဲ့ရကြောင်း သိရသည်။
ညောင်ရွာအတွင်းမှ ပြည်သူများသည်လည်း အချိန်မီ ရှောင်နိုင်ခဲ့သော်လည်း ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့က မေးမြန်းမှုများပြုလုပ်ပြီးနောက် ပြန်လွှတ် ပေးလိုက်သည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီ တပ်သားများအနေဖြင့် ညောင်ရွာအတွင်း၌ ညအိပ်ပြီး နောက်နေ့ နံနက် ၉ နာရီ ၀န်းကျင်တွင် မင်းကန်ရွာသို့ ရောက်ရှိသွားသည်ဟု သိရှိသည်။ ပြည်သူများသည် လက်ရှိတွင် ကျေးရွာအတွင်းသို့ ပြန်လည်၀င်ရောက်ပြီဖြစ်သော်လည်း စိုးရိမ်နေရဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။