စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် PDF များထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီတပ်က နွားအုပ်ကိုမောင်းသွင်း၍ ဖြတ်သန်းစဥ် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Anti-Dictatorship Revolution People’s Army-DRPA ထုတ်ပြန်သည်။
ဧပြီလ ၄ ရက်နေ့ကကနီမြို့နယ်၊ အလယ်ကျွန်းရွာတွင်တပ်စွဲထားသော စစ်သားနှင့်ပျူစောထီး အင်အား ၅၀ ဝန်းကျင်တို့သည် သရက်တောရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဥ် ရွာ၏ အနောက်မြောက်ဘက်၌ PDF များနှင့် ၁ နာရီခွဲကြာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အလယ်ကျွန်းက ပျူရွာဗျ။အဲ့ဒီမှာ စစ်သားနဲ့ ကြံ့ခိုင်ရေးပါတီအမာခံတွေနေကြတယ်။စစ်စခန်းအနေနဲ့တပ်စွဲထားတာ။ကျနော်တို့က အဲ့ဒီလမ်းပိုင်းမှာ မိုင်းထောင်ထားတာ။ဒါကို ဒီကောင်တွေက နွား ၁၆ ကောင်လောက်ကို မိုင်းကွင်းထဲ မောင်းသွင်းလိုက်တာ” ဟုDRPA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က ပြောသည်။
ယင်းမိုင်းကွင်းအတွင်း နွား ၃ ကောင်သေ၍ ၄ ကောင်ကို အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။
“နွားတွေကို အကာယူပြီးလာတာ နွားတွေကလည်း ဟိုပြေး ဒီပြေးဆိုတော့ ကျနော်တို့လည်း ပစ်တော့တာပဲ။စစ်သား ၃ ဦးသေတယ် လို့ ကျနော်တို့ သတင်းပြန်ကြားရတယ်”ဟု ၎င်းကဆိုသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်သားနှင့်ပျူများကို အလယ်ကျွန်းရွာသို့ ပြန်လည်သယ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို DRPA နှင့်အတူ ခရိုင်တပ်ရင်း-၂၊ အမေ့သားကျားသုံးဖော်နှင့် KPDF-1 မှ KGF တပ်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။