တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပုလောကုန်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ပျူစောထီးတစ်ဦးသေဆုံးကာ စစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဧပြီ ၄ရက်နေ့၊ ညနေ ၆နာရီခန့်က ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ၄ရက်နေ့ပွဲက ညနေ ၆နာရီကနေ ည ၈နာရီထိ ၂နာရီကြာတယ်။သူတို့ဘက်က စစ်သားနှစ်ဦး ထိသွားတယ်။ပျူစောထီးတစ်ကောင်ကတော့ ပွဲချင်းပြီးသေတယ်” ဟု ၎င်းကပြောသည်။
ပုလောကုန်းကျေးရွာသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ထားသည့် ပျူစောထီးတို့ နေထိုင်ရာရွာကြီးဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ကုလားနီ ကအုပ်ချုပ်ကြောင်း ပုလောကုန်းရွာသူတစ်ဦးကပြောသည်။
“ ဒီရွာကနဂိုကတည်းက စစ်တပ်ကိုထောက်ခံတဲ့သူတွေများတဲ့ရွာ။အခုလိုဖြစ်တော့ စစ်တပ်ကို လက်မခံတဲ့ရွာသားတွေအကုန်ထွက်ပြေးရတာ” ဟု ပုလောကုန်ရွာသူကပြောသည်။
ဧပြီ၄ရက်နေ့တိုက်ပွဲတွင် သေဆုံးသွားသောပျူစောထီး(ဇင်ကိုဦး)မှာ ပျူစောထီးခေါင်းဆောင် ကုလားနီ၏ယောက်ဖဖြစ်သည်။
ပျူစောထီးနှင့်စစ်သား သေဆုံး၊ဒဏ်ရာရခြင်းအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီတပ်အနေနှင့် အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးခြင်းမပြုဘဲ ပုလောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များကိုသာ လာရောက်တိုက်ခိုက်ရန်PDFများက စိန်ခေါ်ထားပြီး မကြာခင်ပြောက်ကျား တိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားကြောင်း သိရသည်။