ပဲခူးတိုင်း၊ပေါင်းတည်နှင့် နတ်တလင်းမြို့ရှိ စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်မဏ္ဏပ်များသို့ ပြည်သူများ သွားရောက်ရေကစားခြင်းမပြုရန် ဒေသတွင်းPDFများက မေတ္တာရပ်ခံလိုက်သည်။
ပေါင်းတည်နှင့် နတ်တလင်းမြို့ရှိ သစ်မှောင်ခို၊ လောင်းကစားဒိုင်၊စားသောက်ဆိုင်များနှင့် အခြားသောလုပ်ငန်းရှင် များ ထံ သင်္ကြန်မဏ္ဏပ်ဆောက်လုပ်ရန်နှင့် အထွေထွေကုန်ကျစရိတ်အတွက်ဟုဆိုကာ အဓမ္မ ငွေ ကောက်ခံနေသလို မဲလက်မှတ်လည်းရောင်းချလျက်ရှိကာ ဧပြီ၃ရက်မှစ၍ ပေါင်းတည်မြို့နယ်၊စျေး(၁)ရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် နတ်တလင်းမြို့နယ်၊ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းမပေါ်၌ သင်္ကြန်မဏ္ဏပ်များ တည်ဆောက်လျက်ရှိသည်။
“ကျနော့်အနေနဲ့ကငွေတောင်းတာ၊မဲရောင်းတာမျိုးကိုမပြောချင်ဘူး။တားလို့လည်းရတာမဟုတ်ဘူး။ပေးနေတဲ့ကောင်တွေကလည်း စစ်တပ်နဲ့မကင်းတဲ့သူတွေလေ။စစ်ကောင်စီပြုလုပ်တဲ့ ဘာပွဲမဆို မသွားဖို့နဲ့ သူတို့နဲ့အနီးအနားမှာ မနေထိုင်ဖို့ပဲ အဓိကပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးက အရှိန်မြှင့်လုပ်ဆောင်တော့မှာမို့ နေရာတိုင်းမှာ တိုက်ခိုက်မှုတွေ အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ဒီတော်လှန်ရေးမြန်မြန်ပြီးချင်ရင် ဒီကောင်တွေနဲ့ ကင်းကင်းသာနေကြပါ။သူတို့ရဲ့ အာရုံလွှဲမှုတွေနောက်မှာ လိုက်မယောင်ကြဖို့ပဲ နောက်ဆုံးပြောချင်ပါတယ်”ဟု Paungde People’s Defense Force မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
Phoenix DF(Natalin PDF) တပ်ဖွဲ့ တာဝန်ခံ ကလည်း စစ်ကောင်စီကဖန်တီးနေသော အတုအယောင်ပျော်ရွှင်မှုများနောက် လိုက်ပါမသွားကြရန် မေတ္တာရပ်ခံသည်။
“တိုင်းပြည်မှာ အခက်အခဲတွေနဲ့ မပျော်ရတာလည်းကြာပြီ။ ဒါကိုလည်းနားလည်ပါတယ်။ပျော်စရာ အစစ်အမှန်ဆိုတာဘာလဲ။သတိချပ်စေချင်ပါတယ်။ကျနော်တို့တတွေကို ဘယ်သူတွေက ဘာတွေလုပ်နေလဲ။ဒါဟာ အာရုံလွှဲနေတယ်ဆိုတာ သိရင်ရပါပြီ” ဟု ၎င်းကပြောသည်။
ပေါင်းတည်မြို့နှင့်နတ်တလင်းမြို့နယ်တို့သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်မြို့များဖြစ်ပြီး မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် PDF တို့တိုက်ပွားများဖြစ်ပွားနေသည့် မြို့များလည်းဖြစ်သည်။