စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယနေ့နံနက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တိုး၍ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ကင်းပတ်နေသည့် ရဲဘော် ၄ ဦး အနီးကပ် ပစ်ခတ်ခံလိုက်ရကြောင်း မြေပြင်သတင်းအရ သိရသည်။
ဝါးကြီးတောရွာနှင့် ချောင်းနားရွာကြားတွင် ဆိုင်ကယ်နှစ်စီးဖြင့် ကင်းပတ်နေသည့် ရဲဘော် ၄ ဦးအား ချောင်းနားရွာအနီးသို့အရောက် ဇီးဖြူကုန်းပျူစောထီးရွာမှ စစ်ကြောင်းထိုး ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့်တိုး၍ ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်။
“ဇီးဖြူကုန်းပျူရွာကနေ မနက်အစောကြီးကတည်းက ထွက်လာဟန်တူတယ်။ ဦးလေးတို့ရွာကလည်း ရှောင်တဲ့လူလည်း ရှောင်နေကြပြီ။ ဒါပေမဲ့ သူတို့က ရွာထဲမဝင်ဘဲ ရွာအနောက်ဘက်က ကွင်းပြီးလာတာ။ အဲ့ဒီအချိန်မှာပဲ ဝါးကြီးတောဘက်ကနေ ဆိုင်ကယ်နှစ်စီးနဲ့ ရဲဘော်လေးတွေက စကားတပြောပြောနဲ့ စီးသွားပြီး ရွာအနောက်ဘက်မှာ အပစ်ခံလိုက်ရတာ”ဟု ယင်းပစ်ခတ်မှုအား မျက်မြင်တွေ့လိုက်ရသော ချောင်းနားရွာပြည်သူတစ်ဦးမှ MPA သို့ ပြောသည်။
ထိုပစ်ခတ်မှုကြောင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ရဲဘော် ၂ ဦးကျဆုံး၊ တစ်ဦးလွတ်မြောက်ကာ တစ်ဦးဖမ်းဆီးခံလိုက်ရ၍ စစ်ကြောင်းနှင့်အတူ ပါသွားကြောင်းသိရသည်။
“ကျနော်တို့အဖွဲ့ကဗျ၊ အလောင်းတစ်လောင်းတော့ ကောက်နိုင်တယ်။ ကျည်က ဆီးခုံညာဘက်မှာ တစ်ချက်၊ ဘယ်ဘက်ပုခုံးအောက်မှာတစ်ချက် မှန်ထားတယ်။ မသေခင် အရိုက်အနှက်ခံထားရတဲ့ပုံလည်း ရပါတယ်။ တစ်လောင်းကတော့ မီးရှို့ထားလို့ ဘယ်သူမှန်းအတည်မပြုနိုင်ဘူး။ လွတ်မြောက်လာတဲ့ တစ်ယောက်ကတော့ ဌာနေပြန်ရောက်နေပါပြီ။ ဖမ်းခံသွားရတဲ့ လူသိရမှ အခုအလောင်းကို ဘယ်သူဆိုတာ အတည်ပြုနိုင်မှာ”ဟု MRDA ၏ ရဲဘော်တစ်ဦးက MPA ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရဲဘော်များတွင် ပါသွားသည့် သေနတ် ၃ လက်၊ ၉ မမ အတိုတစ်လက်လည်း ဆုံးရှုံးသွားသည်ဟု ၎င်းက ဆိုသည်။
မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ရဲဘော်ရုပ်အလောင်းတစ်လောင်းသာ ပြန်လည်သယ်ယူနိုင်ပြီး အလောင်းတစ်လောင်းမှာ ယင်းပစ်ခတ်မှုဖြစ်ပွားသည့်နေရာနှင့် ခပ်လှမ်းလှမ်းတွင် တဲတစ်လုံးနှင့်အတူ စစ်ကောင်စီမှ မီးရှို့ထားခဲ့ကြောင်း တွေ့ရသည်။
“၈ နာရီ ၁၅ မိနစ်လောက်မှာ ပစ်တာ၊ ၅ မိနစ်လောက်ကြာတယ်။ ဦးလေးက ထန်းပင်လေးအောက်က ခြုံထဲဝင်ပုန်းနေတာ။ ကောင်လေး (PDF ရဲဘော်) က ဦးလေးအရှေ့ဘက်လျှိုထဲကနေ တဲဘက် တက်ပြေးတာ၊ ဆက်ပြေးရင်လွတ်မှာ၊ ဦးလေးတောင် ကံကြီးလို့ဗျ၊ ဒီကောင်တွေအနောက်ကလိုက်လာပြီး တဲထဲဝင်တော့ တဲထဲမှာ အသက် ၇၀ အရွယ် ဦးလေးအစ်မရှိတယ်။ ဒီကောင်တွေက အဖွားထွက်၊ တဲမီးရှို့မှာဆိုပြီး ရှို့သွားတာ”ဟု အလောင်းနှင့်အတူ မီးရှို့ခံလိုက်ရသည့် တဲပိုင်ရှင်မှ MPA သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် အနီးအနားရောက်ရှိနေသည့် ချောင်းနားရွာမှ စစ်ရှောင်သားအမိနှစ်ယောက်တွင် အမေဖြစ်သူမှာ နားထင်ရှပ်ထိဒဏ်ရာရ၍ ကလေးငယ်မှာ ပေါင်တည့်တည့် ကျည်ထိမှန်ဒဏ်ရာရရှိသွားကာ လက်ရှိ တော်လှန်ရေးဆေးရုံတစ်ခုတွင် ဆေးကုသခံယူနေကြောင်း ကနဦး သတင်းရရှိသည်။
ယခုအခါ ထိုစစ်ကြောင်းသည် ဝါးကြီးတောရွာမှတဆင့် ကန့်ဒေါင့်ရွာရဲစခန်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။