စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဘုံးဘွဲကျေးရွာရှိ ဘုန်းကြီးကျောင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားသော ပြည်သူငါးဦးကို ဧပြီလ (၂) ရက်နေ့တွင် GZ Special Task Force – Wetlat နှင့် မဟာမိတ်အဖွဲ့က သွားရောက်ကယ်ဆယ်ရင်း ရဲဘော် ၇ ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ ယင်းတောရွာက ထွက်လာတဲ့ အင်အား ၁၀၀ ရှိ စစ်ကြောင်းက ပြည်သူငါဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ရွာဘုန်းကြီးကျောင်းထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတာကို ကျနော်တို့က သွားကယ်တာ” ဟု GZ Special Task Force တာဝန်ခံ ကို GZ က MPA ကို ပြောသည်။
ဖမ်းဆီးခံရသည့် ပြည်သူငါးဦးကို သတ်ဖြတ်တော့မည်ကို မြင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“ စပြီး ဝင်ပစ်တဲ့အချိန်မှာ သူတို့က ရဲဘော်တွေဘက်ကို မဲပြီး ပစ်ခတ်တယ်။ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကလည်း နောက်ကနေ ဝင်ပစ်တယ်။ နှစ်ဘက်ညှပ်ပစ်ခံရသလိုဖြစ်တာပေါ့။ ကျနော်တို့ ရဲဘော်တွေက တထောင့်ထိုးနဲ့ပဲ ပြန်ပစ်ရတော့ သေနတ်ချင်း မယှဉ်နိုင်တဲ့အနေအထားမှာ အဲ့ဒီနားမှာရှိတဲ့ ရဲဘော်တွေ အကုန်ကျသွားခဲ့တယ်။ တစ်ယောက်နှစ်ယောက်ပဲ ပြန်လွတ်လာတယ်” ဟု
ကို GZ က ဆက်လက်ရှင်းပြသည်။
စစ်ကောင်စီလက်ထဲတွင် ဖမ်းဆီးခံရသည့် ပြည်သူငါးဦးအနေဖြင့် တိုက်ပွဲအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ၎င်းက ဆက်လက်အတည်ပြုသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို MPA အနေနှင့် သီးခြား အတည်မပြုနိုင်သေးပေ။