ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ဈေးရှေ့လမ်းမထက် တစ်နေရာတွင် ယနေ့ နံနက်ပိုင်း၌ ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားများကို ရေးသားခဲ့ကြောင်း ကော်ဘရာ ရဲဘော်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းစာသားများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်၌ သင်္ဃန်းညီနောင်ဈေးရှေ့ လမ်းမအလယ်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး “ မအေ-ိုးမင်းအောင်လှိုင်၊ နွေဦးတော်လှန်ရေး COBRA Column” ဆိုသည့် စာသားအား ရေးသားခဲ့ခြင်းဖြစ်သည်။
“ တမင် ဒီကောင်တွေက မလာတော့ လမ်းပေါ် တက်ရေးတယ်။ ဒီတိုင်းဘာမှလည်း မဟုတ်ဘူး။ မပစ်ရဘဲ ထိုင်ပြီးတော့ ဒီကောင်တွေကို စောင့်နေရလို့” ဟု ကော်ဘရာ ရဲဘော်တစ်ဦးက MPA သို့ ရှင်းပြသည်။
ယမန်နေ့တွင်လည်း သင်္ကန်းညီနောင်မှ မြဝတီသို့ ပြန်လာသော စစ်ကောင်စီအင်အား (၄၀) ခန့်ပါဝင်သော ဖောကားတစ်စီးအား ကော်ဘရာစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့သေးသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကာ ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း COBRA Column က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ကျေးရွာများအတွင်းသို့ ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။