ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာတွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်အား ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉ (Pale Jokers PDF) က ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်သဖြင့် ၃ ဦးသေဆုံးပြီး အချို့မှာ ဒဏ်ရာရရှိသွားကြောင်း ကနဦး သတင်းရရှိသည်။
“ဒီနေ့မနက် မင်းတိုင်ပင်ရွာအနောက်ခြမ်းကို ကင်းပတ်လာတဲ့အဖွဲ့ကို အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ ဒီကောင်တွေက မိုင်းကွင်းထဲ တည့်တည့်ဝင်လာတာ၊ ၃ ကောင်တော့ မျက်မြင်ကားခနဲ သေသွားတယ်”ဟု ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉ မှ အဆိုပါ စစ်ဆင်ရေးအား ဦးဆောင်ခဲ့သည့် တပ်ခွဲမှူး ဗိုလ်နေတိုးက MPA သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ စစ်ကြောင်းသည် ဧပြီ ၂ ရက်နေ့က ကြောင်သန်းရွာဘက်မှ ထွက်ခွာလာပြီး ဇီးဖြူကုန်းပျူစောထီးရွာမှ စစ်ကောင်စီတပ်များနှင့်ပေါင်းကာ မင်းတိုင်ပင်ရွာတွင် စခန်းချ အနားယူနေခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။
“မနေ့က ကျုပ်တို့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ဒီကောင်တွေရဲ့ ၃ ပွင့် ဗိုလ် ကျဆုံးတယ်လို့ သိရတယ်။ မနေ့ကတော့ နှောကန်ရွာကို မီးတင်ရှို့သွားတယ်ဗျ”ဟု ဗိုလ်နေတိုးက ဆက်ပြောသည်။
ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေနှင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မပြုကြရန် ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉ က မေတ္တာရပ်ခံထားသည်။