တနင်္သာရီတိုင်း၊ မြိတ်-ကော့သောင်းလမ်းပိုင်းတွင် တိုက်ပွဲကြားထဲရောက်ရှိခဲ့သည့် မြတ်မန္တလာထွန်းခရီးသည်တင်ယာဉ် ပစ်ခတ်ခံရပြီး ၆ နှစ်အရွယ်ကလေးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့ ဧပြီလ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က မြိတ်မြို့မှ ကော့သောင်းဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်သည် တနင်္သာရီမြို့ပြင်ရှိ လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာကြားအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မနေ့ညက တိုက်ပွဲဖြစ်နေတာ။ နာရီဝက်လောက်ကြာတယ်။ အဲ့ဒီအချိန် စစ်ကားနှစ်စီးနောက်က ခရီးသည်တင်ယာဉ်ရောက်လာတာ။ အဲ့ဒါကို မှားပြီးပစ်မိတာ။ တပ်ပေါင်းစုဆိုတော့ ဘယ်အဖွဲ့က ပစ်လဲမသိရသေးဘူး။ တပ်ဘက်က မဟုတ်ဘဲ ဒီဘက်ကပေါ့” ဟု တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ်အခြေစိုက် ဒေသခံတော်လှန်ရေး တပ်ပေါင်းစုများ၏ မှားယွင်းပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မှားယွင်းပစ်ခတ်မှုအပြီးမှာ သိရတဲ့စာရင်းပေါ့။ လူနာတင်ကားတွေ ရောက်လာပြီး ဆေးရုံပို့ပေးတယ်။ အဲ့ဒီပစ်ခတ်မှုအပြီးမှာ တိုက်ပွဲဖြစ်ပွားတာတော့ မရှိတော့ပါဘူး” ဟု ခိုင်မာသည့်သတင်းရင်းမြစ်က ပြောသည်။
အထက်ပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မြတ်မန္တလာထွန်းခရီးသည်တင်ယာဉ်အား မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ မှားယွင်းပစ်ခတ်မိသဖြင့် ယင်းယာဉ်ပေါ်ပါ ပြည်သူနှစ်ဦး အသက်ဆုံးရှုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယနေ့ ညနေက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အတွင်း မှားယွင်းပစ်ခတ်မိတဲ့အချိန်သည် အရပ်သားပြည်သူများ သွားလာနိုင်တဲ့အချိန် မဟုတ်သည့်အပြင် စစ်ကောင်စီတပ်၏ စစ်ကူများသွားလာမည်ဟု သတင်းရရှိထားသည့်အတွက် ရဲဘော်များက စောင့်ဆိုင်းနေကြသည့်အချိန်ဖြစ်ကြောင်း ရှင်းပြထားသည်။
တနင်္သာရီ ပကဖ ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ခရီးသည်တင် ကားအားရပ်နားရန် ပစ်ခတ်သတိပေးသော်လည်း မရပ်ဘဲ ဆက်မောင်းသည့်အတွက် ရန်သူများ အသွင်ယူသွားလာသည်ဟု ယူဆကာ မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်ဆုံးရှုံးရသည့် အပေါ် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်း၊ ကြေကွဲရပြီး ကာယကံရှင်နှင့် မိသားစုများအား ညှိုးငယ်စွာဖြင့် အနူးအညွတ်တောင်းပန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ ည ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း မြိတ်မှ ရန်ကုန်မြို့သို့သွားသည့် သန်လျင်သဘာဝရိပ်သာ သာသနာပြုကားတစ်စီးအား ပုလောမဟာတပ်ပေါင်းစုမှ မှားယွင်းပစ်ခတ်ခံခဲ့ပြီး ဘုန်းကြီးတစ်ပါး အသက်ရှုံးဆုံးခဲ့ရသည်။
လက်ရှိတွင် အထက်ပါအခြေအနေများကြောင့် ထုံခါ-မောတောင် လမ်းပိုင်းကို ယာယီသွားလာခွင့် ပိတ်ထားခဲ့ပြီး ယခင်ကလည်း ပြည်ထောင်စု လမ်းများအပေါ် သွားလာခြင်း မပြုလုပ်ကြရန် အသိပေးချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်ချက်တွင် ရေးသားထားသည်။