တပ်မဟာ ၆ နယ်မြေအတွင်း သေဆုံးသွားသည့် BGF တပ်ဖွဲ့ဝင် အလောင်း ၃ လောင်းအား စစ်ကောင်စီတပ်မှ ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းအထိ လာရောက်မယူဆောင်နိုင်သေးကြောင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၅ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့တို့မှ KNU တပ်မဟာ ၆ နယ်မြေအတွင်း လက်နက်ကြီးဖြင့် ၁၃၅ ကြိမ်ပစ်ခတ်ခဲ့ကြောင်း Cobra စစ်ကြောင်း တပ်ခွဲ ၅ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ၃၁ ရက်နေ့က BGF တပ်တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တာ။ လုံခြုံရေးအရ နေရာတော့မပြောတော့ဘူး။ သူတို့လက်နက်ကြီးနဲ့ထုပြီး တိုက်ခိုက်လို့ ကျွန်တော်တို့ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရတယ်။ အခုဆေးကုသမှုခံယူနေပါတယ်” ဟု Cobra စစ်ကြောင်း တပ်ခွဲ ၅ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
Cobra စစ်ကြောင်း တပ်ခွဲ ၅ သို့ MPA မှ မေးမြန်းရာ စစ်ရေးလိုအပ်ချက်များအရ သတင်းများပြန်လည်ဖြေကြားခြင်း ပြုခွင့်မရှိကြောင်းနှင့် Cobra စစ်ကြောင်းမှ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီဘက်မှ လက်နက်ကြီးအကြိမ်ရေ (၁၃၅) ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူနေအိမ်အမြောက်အမြား ပျက်စီးမီးလောင်ခဲ့ပြီး ပြည်သူနေအိမ် (၉) လုံး ထိခိုက်ကာ နွား (၃) ကောင် သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
အထက်ပါ ပစ်ခတ်မှုများကြောင့် Cobra နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ပြန်လည်တိုက်ခိုက်ရာ BGF တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး BGF ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Cobra စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကရင်ပြည်နယ် ကွီလုံတိုင်၊ တောင်စွန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နှင့် သင်္ကန်းညီနောင် အစရှိသည့် နေရာများတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ပေါင်းစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။