စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉ (Pale Jokers PDF) က မတ်လ ၂၇ ရက်နေ့၊ ညနေ ၆ နာရီ ၁၃ မိနစ်တွင် တာဝေးပစ်ရော့ကတ် ၆ လုံးဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉ ထံမှ သိရသည်။
ယင်းမာပင်ခရိုင်တပ်ရင်း-၁၉၊ တပ်ရင်းမှူးဗိုလ်ပုလဲက “တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တာဗျာ့။ ရော့ကတ် ၆ လုံးနဲ့ ***တွေ (စစ်ကောင်စီ) တပ်စွဲထားတဲ့ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ”ဟု ဆိုသည်။
ထိုသို့ ပစ်ခတ်မှု ပြုလုပ်ချိန်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် နာရီဝက်ခန့် ပြန်လည် ပစ်ခတ်မှုများ ရှိခဲ့သော်လည်း တာဝေးပစ်လက်နက်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု စုံစမ်းသိရသည်။
ယင်းမာပင်ခရိုင်တပ်ရင်း-၁၉၊ တပ်ရင်းမှူးဗိုလ်ပုလဲက “***တွေ (စစ်ကောင်စီ) ဘက်က အထိအခိုက်အကျအဆုံး ရှိနိုင်တယ်ဗျာ။ ဒါကြောင့်ပဲ ဒီကောင်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကောင်တာပြန်ပစ်တာ။ ဘယ်လောက်ထိခိုက်ကျဆုံးတယ်ဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။
ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား မကြာခဏ စစ်ကြောင်းထိုး၍ ပစ္စည်းများ လုယက်ခိုးယူခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိသည်ဟု သိရသည်။
“ဒီကောင်တွေက ရိက္ခာပြတ်ရင် အနီးအနားကရွာတွေကို စစ်ကြောင်းထိုးပြီး လှည်းတွေနဲ့ ရိက္ခာသယ်ထွက်တယ်။ အဲ့ဒီအခါဆို ဒီကောင်တွေက နေအိမ်တွေ ဖောက်ထွင်းပြီး ပစ္စည်းတွေခိုးတယ်။ မထင်ရင်မထင်သလို မီးရှို့တယ်”ဟု ၎င်းရွာပတ်ဝန်းကျင်ရှိ ကျေးရွာတစ်ရွာမှ ပြည်သူတစ်ဦးက ပြောသည်။
ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉ သည် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ တပ်ရင်းတစ်ရင်းလျှင် အချိုးကျတပ်ဆင်ပေးသည့် လက်နက်မရရှိခြင်း၊ ဘဏ္ဍာငွေနည်းပါးခြင်း၊ လက်နက်အင်အားနည်းပါးခြင်းတို့ကြောင့် တိုက်ခိုက်ရေးလုပ်ငန်းများအား ရပ်နားထားမည်ဖြစ်ကြောင်း မတ်လ၊ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည့် တပ်ရင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ဗိုလ်ပုလဲက “တိုက်ခိုက်ရေးလုပ်ငန်းတွေ ရပ်နားတယ်ဆိုတာက စုပေါင်းဖော်ဆောင်တဲ့ တိုက်ပွဲတွေမှာ ကျုပ်တို့က လက်နက်အင်အားနည်းပါးတာကြောင့် ပူးပေါင်းမပါဝင်နိုင်ဘူးလို့ ဆိုလိုတာပါ။ အခုလိုလက်နက်ကြီးတွေနဲ့ ပြောက်ကျားတိုက်ခိုက်တာတွေ မိုင်းဆွဲတိုက်ခိုက်တာတွေကိုတော့ အရင်လိုပဲ လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။
ပြည်သူများအနေဖြင့်လည်း တပ်ရင်းအား လက်နက်ခဲယမ်း ဝယ်ယူနိုင်ရန် ကူညီကြရန်လည်း ၎င်းက ဆက်လက် မေတ္တာရပ်ခံခဲ့သည်။