တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ဝင်ရောက်စီးနင်းခဲ့ရာ ခေါင်းဆောင်နှစ်ဦးသေဆုံးကာ သေနတ် ၅လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
မတ်လ ၂၇ရက်နေ့က ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့သည် တနင်္သာရီတိုင်း၊ကရသူရိမြို့နယ်၊ ဝါးကျွန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့အား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦး ကပြောသည်။
“ မနေ့က မနက် ၂နာရီလောက်သွားတိုက်တာပါ။ဝါးကျွန်းမှာ တပ်စွဲပြီး လုံခြုံရေးယူနေတဲ့ ပျူစောထီးတွေကို သတင်းအတိအကျရလို့ သွားရှင်းတာပါ။ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်တွေရရှိခဲ့ပါတယ်” ဟု ၎င်းကပြောသည်။ အထက်ပါတိုက်ပွဲအတွင်း AK 47 (4) လက်၊ AK ကျည်ဘောက် (၅)ခု၊ M 16 တစ်လက်၊ M16 ကျည်ဘောက် (၁၁)ခု၊ နာနတ်သီး( ၃)လုံး၊ မင်းဂွတ်သီး (၁)လုံး၊ M16 ကျည် (၁၇၀) တောင့် ၊ AK 47 ကျည် (၃၅၅) တောင့် ၊ ထိုင်ဖုန်း( ၁) လုံး၊ စမတ်ဖုန်း (၁)လုံး၊ Equiment (၁)စုံ ၊ လက်ထိပ် (၂)စုံ၊ ဓားရှည် (၂)ချောင်း နှင့် ဓာတ်မီးတစ်လုံး တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းကပြောသည်။ “ မနေ့ကတိုက်ပွဲမှာ ကျွန်တော်တို့ဘက်က ထိခိုက်တဲ့သူမရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် နှင့် ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီစစ်ဒေသခွဲ- ကွပ်ကဲရေးအဖွဲ့ ကထုတ်ပြန်ထား သည်။
လက်ရှိတွင် ပြည်သူ့စစ်တပ်ဖွဲ့ကို လုံခြုံရေးတိုးမြှင့်ကာ သတိဖြင့်နေရန်စစ်တပ်က ညွှန်ကြားထားကြောင်း MPA က စုံစမ်းသိရသည်။