မန္တလေးတိုင်း၊ အမရပူရမြို့နယ် ခရိုင်တရားရုံးကို အောင်စည်တော် စစ်ဆင်ရေးအဖြစ် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူနေသည့် ရဲတစ်ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၂ ရက်၊မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပြည်သူများအား မတရားဖမ်းဆီးအမိန့်ချနေမှုများနှင့် စစ်ကောင်စီ၏ တရားရေးကို အသက်သွင်း ပူးပေါင်းပါဝင်လျက်ရှိသော အမရပူရမြို့နယ် ခရိုင်တရားရုံးကို လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AST-MDY က သတင်းထုတ်ပြန်ထားသည်။
“ တရားရုံးဝန်းထဲ ဗုံးက ကျတာ။ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက်ထိတယ်။ အုံးပြီးတော့ စစ်သားနဲ့ရဲတွေ ရောက်လာတယ်။ ဒဏ်ရာရတဲ့ ၂ယောက်ကို သူတို့စီးလာတဲ့ အိမ်စီးကားနဲ့သယ်သွားတယ်။ စစ်တပ်လော်ဘီ မီဒီယာတွေကတော့ ရဲ ၁ယောက်သေ ၁ယောက်ဒဏ်ရာရလို့ထုတ်ပြန်တယ်” ဟု အောင်စည်တော် စစ်ဆင်ရေး တာဝန်ခံ တစ်ဦးကပြောသည်။
အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကြောင့် ရဲတပ်သားဆန်းဦး သေဆုံးပြီး ရဲတပ်သား လှခိုင် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီလော်ဘီ Channelများက ထုတ်ပြန်ထားသည်။
ရဲများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၂၀ ရက်နေ့တွင်လည်း ချမ်းအေးသာဇံမြို့နယ်ရှိ ပို့ဆောင်ဆက်သွယ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဒုဦးစီးမှူးအပါအဝင် ၅ ဦးဒဏ်ရာရခဲ့ကြောင်း AST-MDYကထုတ်ပြန်ထားသည်။