မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က Myingyan Black Tiger တပ်ဖွဲ့၏အမှတ်-၂ စခန်း စီးနင်းခံရပြီး ကျပ်သိန်း၂၀၀ခန့်တန်ဖိုးရှိ လက်နက်များဆုံးရှုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၁ ရက် မွန်းလွဲ ၂နာရီ ဝန်းကျင်တွင် ရေစကြိုမြို့၊အမှတ်-၁ ထင်းတန်းရပ်ကွက်ရှိ MBT တပ်ဖွဲ့၏ အမှတ်-၂ စခန်း ကို အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
“မနေ့က ကျနော်တို့ ဌာနချုပ်ဘက်မှာ ဘီလူးစစ်ကြောင်းနဲ့ စစ်ရေးတင်းမာနေချိန် ရေစကြိုမြို့ပေါ်က ကျနော်တို့ အမှတ် ၂ စခန်းကို ဒလန် သတင်းပေးမှုကြောင့် သတင်းအတိအကျရပြီး လာရောက်စီးနင်းသွားတာဗျ။ကျနော်တို့ရဲဘော်တွေအပြန်အလှန်ပစ်ခတ် ခုခံခဲ့ကြပေမဲ့ အင်အားနဲ့လက်နက်ခဲယမ်းကွာဟတာကြောင့် စခန်းစွန့်လိုက်ရတာပါ။ထိခိုက်ဒဏ်ရာမရကြဘူး” ဟုMBT အဖွဲ့ခေါင်းဆောင် ဗိုလ်ခဲက ပြောသည်။
စခန်းဝင်ရောက်စီးနင်းခံခဲ့ရခြင်းကြောင့် လက်လုပ်ပခုံးထမ်းလောင်ချာ ၂ လက်၊လက်လုပ် RPG ၁လက် နှင့် ကျည်ဆန် များ သိမ်းဆည်းခံရပြီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
မတ်လ ၁၉ ရက်နေ့တွင်စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းသိမ်းယူထားသည့်ရေစကြိုမြို့နယ်အတွင်းရှိ MBT ဌာနချုပ်စခန်းကို မဟာမိတ်များအကူအညီဖြင့်ပြန်လည်းသိမ်းယူနိုင်ခဲ့သည်။