မြိုင်မြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးနယ်မြေတွင် ကျင်းပသည့် ကမ္ဘာ့ကဗျာနေ့အခမ်းအနား၌ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသည့် ကဗျာဆရာများအား တစ်မိနစ်ငြိမ်သက် အလေးပြုခဲ့ ကြသည်။
ယင်းအခမ်းအနားတွင် ၂၀၂၁ခုနှစ်မတ်လ၃ရက်နေ့က မုံရွာမြို့ပေါ်၌စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းကြောင့် ကျဆုံးခဲ့သည့် ကဗျာဆရာ ကေဇဝင်း၊ ကဗျာ ဆရာမ ကြည်လင်အေးနှင့် ၂၀၂၁ ခုနှစ်၊ မေလ
၉ ရက်နေ့က စစ်ကောင်စီ စစ်ကြောရေးစခန်းတွင် ကျဆုံးခဲ့သော ပုလဲအခြေစိုက် ခေတ်ပေါ် ကဗျာဆရာ ခက်သီတို့အပါအဝင် ကျဆုံးကဗျာဆရာများအား ဂုဏ်ပြုကြခြင်းဖြစ်သည်။
ကမ္ဘာ့ကဗျာနေ့ဖြစ်သည့် မတ်လ၂၁ရက်နေ့တွင် မြိုင်မြို့နယ်အရှေ့ခြမ်းရှိ မြေလတ်ဒေသပြောက်ကျား တပ်ဖွဲ့-MRG အခြေစိုက်စခန်း၌ ကမ္ဘာ့ကဗျာနေ့အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော ပခုက္ကူ၊မြိုင်၊ပုလဲနှင့် ရေစကြိုတို့မှ ကဗျာဆရာများ၊ အနုပညာရှင်များနှင့် ကဗျာ စိတ်ဝင်စားသူ PDFရဲဘော်များ စုစုပေါင်း ၆၀ခန့် တက်ရောက်ခဲ့ကြသည်။
“ကိုဗစ်ကာလ ကတည်းက ကဗျာရွတ်ပွဲ မကျင်းပရတာ ကဗျာရွတ်ချင်စိတ်တွေက တော်တော်ဆာတယ်ဗျာ။ အခုလို မင်းအောင်လှိုင်က အာဏာသိမ်းလိုက်တဲ့အခါမှာ ပိုပြီးတော့ ပြင်းထန်ပေါက်ကွဲကြတာပေါ့ ။ဒါကြောင့် တော်လှန်ကာလဖြစ်သလို တော်လှန်ကဗျာသမားတွေစုဖွဲ့မိပြီး ကမ္ဘာ့ကဗျာနေ့ပွဲလေးလုပ်ဖြစ်သွားတာပါ”ဟု ကဗျာဆရာ မင်းသန့်ဇင်က ပြောသည်။
ကဗျာဆရာခက်သီ၏ အခွံမာသီးကဗျာကို ကဗျာဆရာမင်းသန့်ဇင်က ရွတ်ဆိုခဲ့ပြီး တော်လှန်ကဗျာဆရာ ၄၁ ဦးတို့က ၎င်းတို့ရေးဖွဲ့ထားသော တော်လှန်ကဗျာများနှင့် အခြားကဗျာဆရာတို့၏ ကဗျာများကို ရွတ်ဆိုခဲ့ကြသည်။
“ကျနော် ကျေနပ်ပီတိဖြစ်ပါတယ်။ တော်လှန်ရေးမှာ ကဗျာရေးသူတွေ နောက်မကျဘူးဆိုတာ ခုပွဲမှာတွေ့ရလို့ မျက်ရည်စို့ရပါတယ်”ဟု ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်၊ ကဗျာဆရာ ဝင်းမြင့်လှိုင်ကပြောသည်။ အဆိုပါ အခမ်းအနားကို မတ်လ၂၁ရက်နံနက်၁၀ နာရီမှ ၁၂နာရီခွဲထိ ကျင်းပခဲ့သည်။