ပဲခူးရိုးမတောင်ခြေတဝိုက် စစ်ကြောင်းထိုးပြီး ပြန်ဆင်းလာသော စစ်တပ်ကို ရှေ့ထွက်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၃၆၀၂၊TPDFတပ်ခွဲ(၄)က ထုတ်ပြန်သည်။
မတ်လ၁၇ရက်နေ့၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်အထက် ပြင်ကြီးရွာ စက်လှေဆိပ်မှ စက်လှေ ၂ စီးဖြင့်ထွက်လာသော စစ်ကောင်စီတပ်သားများကို ထန်းကုန်းရွာနှင့် ခြေပင်ကျေးရွာကြား ချောင်းရိုးကျဥ်းသည့်နေရာ၌ ရှေ့ထွက်မိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“သိမ်ကုန်းကနေ ပြင်ကြီးစက်လှေဂိတ် ကို မနက် ၇ နာရီလောက်က ခြေလျင်ထွက်လာတာ။ ညောင်နီပင် ကို သွားမယ်လို့ ထင်တယ်။ ဘာလို့ဆို အဲ့ဒီ စစ်ကြောင်းက ရိုးမပေါ်မတက်ဘူး။ ရိုးအခြေတွမှာပဲ လှည့်ပတ်နေတာ။ နတ္တလင်း၊ မန်ကျည်းပင်ဆည်ကနေ ဆင်းလာတဲ့စစ်ကြောင်း”ဟု ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၃၆၀၂၊TPDFတပ်ခွဲ(၄)က တပ်ခွဲမှူးဗိုလ်ဆူးထက် ကပြောသည်။
အဆိုပါစစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့က စပြီး နတ္တလင်းမြို့နယ်၊ မန်ကျည်းပင်ဆည်မှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနေပြီး ဘိုကြီးစခန်း၌ အထိုင်ချခဲ့သည်။ ထို့နောက် တောင်ခြေရွာများဖြစ်သည့်ကြက်မနက်နှင့်ဆင်ဆွဲ ကျေးရွာများကိုဖြတ်ကာ မတ်လ ၁၃ ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ငါး သိမ်ကုန်းရွာ၌စခန်းချခဲ့သည်ဟုသိရသည်။
“အဲ့ဒီစစ်ကြောင်းက ဝဲကြီးဆည်က နေ စက်လှေ ၂ စီးနဲ့ ဆင်းလာတာကို သတင်းရတာနဲ့ ချောင်းရိုးကျဥ်းတဲ့ နေရာရဲ့ ကမ်းစပ် မှာ ရှေ့ထွက်မိုင်းတွေကို ထောင်ထားလိုက်တာ။ စက်လှေလာတဲ့အချိန် စစ်သား ၂၀လောက်ပါတဲ့ နောက်ဆုံး အစီးကို မိုင်းဆွဲလိုက်တာ။ မီးခိုးတွေထွက်ပြီးစက်လှေမှောက်သွားတယ်။ မသေတဲ့ စစ်သားတွေက ကမ်းပေါ်တက်ပြေးကြတယ်။ ကျနော်တို့တွေ့ရတဲ့ အလောင်းက ၅ လောင်း။ ရေထဲကျသွားတာလည်း ရှိတယ်။ ကမ်းပေါ်တက်ပြေးတာက ၆ယောက် လောက်။ နောက်တစ်စီးက တော့ မောင်းပြေးတယ်။ နောက်တစ်စီးကလည်း ဂျာလည်လည်ထွက်သွားပြီး မောင်းပြေးတာ။ လက်နက်လည်းမရလိုက်ဘူး။ နေရာက ချောင်းရိုးကျဥ်းလို့သာ လုပ်ရတာ ကျည်ကွယ်မျက်ကွယ် မရှိဘူး။ ကုန်းပြောင်ပြောင်ကြီး။ ချက်ခြင်းပြန်ဆုတ်လာရတာ”ဟု ၎င်းကဆိုသည်။
စစ်သားများသေဆုံးခြင်းကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စက်လှေ ၂ စီးတိုက်ခိုက်ခံရမှုအပြီးတွင် ဝဲကြီးဆည်အနီး သို့ ကား ၂ စီးဖြင့် စစ်သားများရောက်ရှိနေပြီး စက်လှေမောင်းထွက်ပြေးသွားသည့် စစ်သားများသည် ညောင်နီပင် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်းသိရသည်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၃၆၀၂၊TPDFတပ်ခွဲ(၄)