စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီဒေသ ရှေ့တန်းတစ်နေရာရောက် နေပြည်တော် PDF တပ်ရင်း (၈၀၅) က ရဲဘော်များ၏ ပုံရိပ်ကို ထုတ်ပြန်လိုက်သည်။
PDF ရဲဘော်များသည် ခေတ်မီမောင်းပြန်သေနတ်များ ကိုယ်စီကိုင်ထားကြပြီး စိတ်ဓာတ်တက်ကြွစွာ ရှေ့ တန်းသို့ ထွက်ခွာနေကြောင်း တပ်ရင်း (၈၀၅)မှ ထုတ်ပြန်သည့် သတင်းဓာတ်ပုံများက ဖော်ပြနေသည်။
မတ်လ ၁၆ ရက်နေ့၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ်ကျေးရွာ အနောက်ဘက် တောင်ကုန်းဒေသတစ်ကြော စစ်ကြောင်းထိုးလားသော စစ်တပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်သား ၂၀ ကျော် သေဆုံးခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ KNDF တပ်ရင်း(၁၁)၊ PNDF(KK) တို့နှင့်အတူ PDF တပ်ရင်းများဖြစ်သော အလယ်ပိုင်းတိုင်း တပ်ရင်း(၈၀၄)၊ တပ်ရင်း(၈၀၅)၊ တပ်ရင်း(၁၁၀၂)နှင့် စစ်တောင်းပြောက်ကျားအဖွဲ့တို့လည်း ပူးပေါင်းတိုက်ပွဲဝင် ခဲ့ကြောင်း နေပြည်တော် PDF တပ်ရင်း(၈၀၅)က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် KRU ရဲဘော်၂ဦး ၊ တပ်ရင်း(၈၀၄)ရဲဘော်၁ဦး၊တပ်ရင်း(၈၀၅)ရဲဘော်၁ဦးနှင့် စစ်တောင်းပြောက်ကျားရဲဘော်၁ဦး တို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း KRU ကဆိုသည်။
စစ်သား၁၉ဦးသေ၊၆ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သော ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်းရှိကုရင်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်းအလယ်ပိုင်းတိုင်း PDF တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန် ထားသည်။
မတ်လ၁၁ရက်နေ့၊ပင်လောင်းမြို့နယ်၊နမ့်နိမ်ရွာအတွင်း အစုလိုက်အပြုံလိုက် ပြည်သူသတ်ခဲ့သော စစ်တပ်ကို နေပြည်တော်PDFတပ်ရင်း(၈၀၄)စနိုက်ပါအဖွဲ့က တိုက်ခိုက်ခဲ့ရာစစ်သား၆ဦးကို သုတ်သင် နိုင်ခဲ့သည်ဟုသိရသည်။