စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင် People’s Army To Fight Dictatorship(PAFD) ကထုတ်ပြန်သည်။
မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်တွင် မုံရွာမှစစ်ကိုင်းဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ယာဥ်တန်း ကား အစီး ၃၀အနက် စစ်သားများအပြည့်ပါလာသော ၁၂ စီးမြောက်ကားကို မြင်းမူမြို့နယ်၊အလ္လကပ္ပ နှင့် ဝမ်းပြည့်ရွာကြား၌ ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ခွေးကားတွေ မလာခင်ကတည်းက ကင်းပုန်းတွေချထားတာ အတော်များတယ်။ ကြေးနီးတွေသယ်လာတဲ့ကားတွေဗျ။ အစီး ၃၀ ကို ကျနော်တို့က ၁၂ စီးမြောက်ကို မိုင်းဆွဲတာ။ ကင်းပုန်းတွေကလည်း ပြန်ပစ်တာရယ်၊ ကျနော်တို့မှာ ခဲယမ်းမလုံလောက်တာရယ်ကြောင့် ပြန်ဆုတ်လာရတော့ ထိခိုက်သေဆုံးစာရင်းကို မစုံစမ်းနိုင်ခဲ့ပါဘူး။ ဒီကြေးနီတွေက လက်ပံတောင်းကထွက်တဲ့ ကြေးနီတွေ ဖြစ်ဖို့များတယ်။ စစ်ကောင်စီရဲ့ ဝင်ငွေ တွေပေါ့”ဟု PAFD မှ တာဝန်ခံ ရဲဘော်တေဇ ကပြောသည်။
အလားတူ မတ်၉ ရက်နေ့ မွန်းလွဲ၁နာရီမိနစ်၄၀ခန့်ကလည်း မုံရွာမှ စစ်ကိုင်းသို့ ကြေးနီးများသယ်ဆောင်လာသော စစ်ယာဥ်တန်းကိုအထူးထုတ် မိုင်းဘီလူး ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PAFDကထုတ်ပြန်သည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးသော စစ်သားများကို မြင်းမူမြို့နယ်မှ မြတ်သုခ နာရေးကူညီမှုအသင်း ကားဖြင့် လာရောက်သယ်ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) နှင့် People’s Knight Defense Force Myinmu(PKDF-MMU)၊ Dog Killers Defense Force(DK PDF-MMU) ၊D.B.B.F-MMU၊TAUNGTHA People Defense Force(TTA PDF)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။