ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်းပြီး သစ်ခိုးထုတ်နေသူတစ်ဦး ပိုင်ဆိုင်သော Fawကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပဲခူးရိုးမ တစ်နေရာ၌ Faw ကားတစ်စီး သစ်ခိုးရန် ရိုးပေါ်သို့တက်လာစဥ် သတင်းရသဖြင့် ဖမ်းဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF-၃၆၀၁တပ်ရင်း)က ထုတ်ပြန်သည်။
“မောင်ညွန့်(သစ်ခိုးထုတ်နေသူ)က လူကောင်းမဟုတ်ဘူး။ ခေတ်အဆက်ဆက် လူလည်လုပ်လာတဲ့ ကောင်။ ခုလည်း စစ်ကောင်စီနဲ့ပေါင်းပြီး သစ်ခိုးထုတ်နေတာ။ လောင်းကစားဝိုင်းလည်း စစ်ခွေးကို ဆက်ကြေးပေးပြီး ဖွင့်တယ်။ သူနဲ့အမြင်မကြည်ရင် PDF ဆိုပြီး ဖမ်းခိုင်းတော့တာပဲ၊ ကျနော်တို့က မလုပ်ချင်သေးလို့ စောင့်ကြည့်နေတာ။ ဒီကောင်လူပါးဝတာများနေပြီ။ ကားပေါ်မှာ ဒီကောင်ပါမယ်ထင်တာ။ သူ့မယားပါ သား ပဲပါတယ်။ မောင်ညွန့်မဟုတ်တဲ့အတွက် နောက်ကို ခုလို မလုပ်ရန် ပြောဆိုပြီး ဒရိုက်ဘာနဲ့သူ့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ကားကိုတော့ မီးရှို့ပစ်လိုက်တယ်။ ဒါမှ နောက်ထပ် မခိုးရဲတော့မှာ။အဲ့ဒီကားနဲ့ပဲ မောင်ညွန့်က သူ့အဖေ(စစ်သား)တွေကို ရိက္ခာပို့ပေးနတာ”ဟု PPDF-၃၆၀၁ တပ်ရင်း မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်တစ်ဦးက ပြောသည်။
မီးရှို့ဖျက်ဆီးခံလိုက်ရသည့် Faw ကားကိုယခင်က လဲပင်ကျေးရွာသား တစ်ဦးပိုင်ဆိုင်ပြီး စစ်ဗိုလ် တစ်ဦးကယင်းကားကို အဓမ္မသိမ်းယူကာ မောင်ညွန့်ထံ ပြန်လည်းရောင်းချထားခြင်းဖြစ်သည်။
ယင်းကားဖြင့် သစ်ခိုးခြင်း၊စစ်ကောင်စီတပ်အတွက် ရိက္ခာများသယ်ဆောင်ခြင်းနှင့် စစ်လက်နက်ပစ္စည်းသယ်ဆောင်ပေးခြင်းတို့ ပြုလုပ်နေကြောင်းသိရသည်။
ပေါင်းတည်မြို့နယ်သည် ပြည်ခရိုင်အတွင်း စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသည့် မြို့ဖြစ်သည်။