တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခု အလစ်ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်သား ၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၅ရက်နေ့က ပုလောမြို့နယ်၊ပုလောကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNDOဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ ၅နာရီခန့်မှ ည ၇နာရီခန့်အထိ၂နာရီကြာစွာတိုက်ပွဲ ပြင်းထန် စွာဖြစ်ပွားခဲ့ကာ စစ်သား၂ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ လိုင်းအခြေအနေအရ အခုမှ ထုတ်ပြန်ရတာပေါ့။ ပုလောကုန်းက ပျူနဲ့ စစ်သားတွေကို သွားပြီးတိုက်ခိုက်တာပါ။စစ်သားတစ်ဦးသေတာ မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိပေ။
“ စစ်တပ်ဘက်က ပုလောကုန်းတိုက်ပွဲမှာ လက်နက်ကြီး တရစပ်ထုတယ်။ကျွန်တော်တို့ဘက်က ဘယ်သူမှ မထိပါဘူး။ပြည်သူတစ်ဦးတော့ လက်နက်ကြီးထိပြီး ပြင်းစွာဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။
စစ်သားများသေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။