စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်-၁၅ တပ်ရင်း၊ တပ်ခွဲ(၁) Eagle Guerrilla Force ထံမှ သိရသည်။
မတ်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က စစ်သားနှင့်ရဲ အင်အား ၆၀ ခန့်ရှိသော ရှိမ္မကားရဲစခန်းတွင် စစ်သားအလောင်းကို မြေမြှုပ်ရန် ကျင်းတူနေစဥ် Eagle Guerrilla Force နှင့် တောကြီးမြွေပွေး၊ ကောင်းကင်တော်လှန်ရေးအင်အားစု တပ်ခွဲ (၁) ပြင်ဦးလွင်ခရိုင်ပကဖ၊ ဧရာဝတီပျံလွှားတို့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စစ်သားများ ကျင်းတူးနေသည့်နေရာသို့ ကျရောက်ပေါက်ကွဲပြီး စစ်သားနှင့်ရဲ ၆ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ဗုံးသီးချတာ ၃ လုံး။ ပထမ တစ်လုံးက ကျင်းတူးနေတဲ့ စစ်သားတွေနေရာကျသွားတာ။ ဒီကောင်တွေက ချက်ချင်းကောင်တာပြန်ပစ်တယ်။ ဒုတိယတစ်လုံးက Location Errorဖြစ်လို့ လမ်းမှာပဲချလိုက်တာ။ တတိယ တစ်လုံးက ရဲစခန်းအနီးမှာပဲ ဗုံးသီးချလိုက်တာ လမ်းမှာပဲ ချလိုက်ရတာ။ စစ်သား ၆ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ ရိမ္မကားရွာသားတွေ ပြန်ပြောတာကိုသိရတယ်”ဟု Eagle Guerrilla Force မှ တပ်ရင်းမှူး ရဲဘော်ကောက်ရိုးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရစစ်သားများကို ဆိုင်ကယ်များဖြင့် ရှိမ္မကားဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရသည်။
“ရှိမ္မကားရဲစခန်းမှာ စစ်သား သေတာ။ စစ်ဗိုလ်နဲ့ ရဲစခန်းမှူးက စစ်သားကို စစ်ဆေးမေးမြန်းရင်း လက်လွန်လို့ သေတာကို မြေမြှုပ်နေချိန် ကျနော်တို့က ဗုံးသီးချတာ။ ကျနော်တို့က ကတုတ်ကျင်းတူးနေတာလို့ ထင်တာ။ ဘယ်ဟုတ်မလဲ ခွေးချင်းကိုက်လို့ သေတာဗျ”ဟု ၎င်းက ဆိုသည်။
ရှိမ္မကားရဲစခန်းတွင် စစ်ဗိုလ်နှင့်ရဲစခန်းမှူးက စစ်သားတစ်ဦးကို ရိုက်နှက် စစ်ဆေးမေးမြန်းရာမှ ၎င်းစစ်သားမှာ ယမန်နေ့က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။