မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တစ်ရက်တည်း ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပေါက်မြို့နယ်၊ ရေတိမ်နှင့် ကျွန်းတောနယ်စပ်ချောင်းရိုး၌ စစ်အင်အား ၁၅၀ ဝန်းကျင်ပါသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ တစ်နေ့တည်း ၂ ကြိမ်တိုက်ခဲ့တာ။ မနက်ခင်းမှာ ကျနော်တို့က စစ်ကြောင်းထိုးလာတဲ့ တပ်ကို ရှေ့ကနေ ဆီးပစ်တာမှာ မျက်မြင် ၄ ဦးသေတယ်ဗျ။ ညနေခင်းမှာကျ ထပ်ပြီးတိုက်ပွဲဖြစ်တယ်။ ညနေတိုက်ပွဲမှာတော့ ရန်သူထိခိုက်ကျဆုံးမှုကို ကျနော်တို့ မသိရသေးဘူး”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF မှ ရဲဘော်လွန်းညီက ပြောသည်။
ညနေ ၅ နာရီခန့်တွင် ရှခွာကြီးကျေးရွာနှင့် ရှခွာလေးကျေးရွာကြား၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။
“ညနေခင်း ရှခွာကြီး၊ရှခွာလေးကို ကျနော်တို့ဝင်တိုက်တော့ ဒီကောင်တွေ ပေါက်မြို့နယ်ဘက်ကို ထွက်သွားတယ်။ဒါပေမဲ့ ထပ်သိရတာက မုံကိုးရွာကပျူစခန်းမှာ နေတယ်လို့သိရတယ်။ သူတို့သွားတဲ့ လမ်းတစ်လျှောက်က ရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်”ဟု ၎င်းကဆိုသည်။
စစ်သားများသေဆုံးခြင်းနှင့် ပတ်သက်ပြီး MPAအနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF(ပခုက္ကူခရိုင်တပ်ရင်း-၁၆ တပ်ခွဲ (၁)Pakokoku GZ၊PDO/PDA-တပ်ခွဲ-၂၊Black ပြောက်ကျားတပ်ဖွဲ့နှင့်ဒေသကာကွယ်ရေးတပ်ပေါင်းစု တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။