မကွေးတိုင်း၊ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကို လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာရရှိကြောင်း Myingyan Black Tiger(MBT)ထံက သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင်ရေစကြိုမြို့၊ အမှတ်(၂)စည်ပင်သာယာရပ်ကွက်ရှိ ထွေအုပ်ရုံးကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
“ကျနော်တို့ မနေ့က ည က ထွေအုပ်ရုံးကို လက်လုပ်ပုခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်။ ရုံးထဲကနေ ၃ ယောက်ထွက်လာချိန်မှာ ပစ်လိုက်တာ။ လဲကျသွားတယ်။ သူတို့က စခန်းထဲကနေ အပြင်ထိလိုက်ပစ်တာ ကျနော်တို့ကလည်း ဆုတ်ပစ် ပစ်ပြီး ဆုတ်ခွာလာခဲ့တာ အပြန်အလှန် ပစ်ခတ်ချိန်ဆို ၁၅ မိနစ်လောက်ရှိမယ်။ ၃ ယောက်သေတယ်လို့လည်း သတင်းရတယ်။ မသေဘူးလို့လည်း သတင်းရတယ်။ ကျနော်တို့ သေချာပြောနိုင်တာကတော့ ကျနော်တို့ ပစ်လိုက်တဲ့အချိန် ၃ ယောက်လုံး လဲကျသွားတာ မြင်လိုက်ရတယ်။ ဒါကြောင့် သေဆုံးတယ်လို့တော့ ကျနော်တို့မပြောနိုင်ပါဘူးဗျ။ ကျနော်တို့ ဖရဲသီး ကလည်း ဒဏ်ရာရတဲ့ ၃ ယောက်ကို မြို့မဆေးရုံကို ပို့လိုက်တယ်လို့ပဲ ပြောတယ်။ သေတယ်လို့ ခုထိ မပြောသေးဘူးဗျ”ဟု Myingyan Black Tiger(MBT)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရေစကြိုထွေအုပ်ရုံးတွင် စစ်သား၂၀၀ ဝန်းကျင်ရှိပြီး မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့လုယက် သတ်ဖြတ်လျက်ရှိသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger(MBT) နှင့် ခွပ်ဒေါင်းနီတပ်ဖွဲ့(YSO)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုများကို MPAအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်းရေစကြိုမြို့၊ ဖောင်တော်ဦးရပ်ကွက်ရှိ စစ်သားများတပ်စွဲထားသော စစ်မှုထမ်းဟောင်းရုံးကို Myingyan Black Tiger(MBT)နှင့်မဟာမိတ်တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။