မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ကျေးရွာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကြောင်း M7 People’s Defense Army ကထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၅နာရီ နာဝန်းကျင်တွင် ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာရှိ စစ်သားနှင့်ပျူစောထီး အင်အား ၃၅ ဦး ခန့်ရှိသော ပျူစောထီးစခန်းကို ၃နာရီခွဲကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဒီမနက် ပျူစခန်းကို ဝင်တိုက်တာ စစ်သား ၂ ယောက်သေတယ်။ တိုက်ပွဲဖြစ်နေတုန်း လန်ကျသွားတာ ကျနော်တို့ မြင်လိုက်တယ်။ အဲ့ဒီစခန်းမှာက စစ်သား ၂၅ ယောက်လောက်ရှိတယ်။ ကျန်တာက အဲ့ဒီရွာက ပျူတွေ။ ကျနော်တို့က လက်နက်ငယ်တွေနဲ့ပစ်တာ သူတို့ကလည်း ဆက်တိုက်ပြန်ပစ်တာ။ ကျနော်တို့တပ်ပေါင်းစုက တပ်ဖွဲ့ငယ်တွေ ပြန်ခွဲပြီး စခန်းကို ဝိုင်းတိုက်ကြတာ။ ၈နာရီ ၁၅ လောက်မှာ MI 35 လေယာဥ် တစ်စီးတက်လာပြီး စခန်းကိုကွင်းပြီး လှည့်ပစ်နေတာ ကျနော်တို့က လေယာဥ်တက်လာတဲ့ သတင်းကြားတာနဲ့ ပြန်ဆုတ်လာတာမို့ ထိခိုက်ဒဏ်ရာမရခဲ့ဘူး”ဟု M7 People’s Defense Army ၏ ဒုတပ်ရင်းမှူးဗိုလ်မြတ် ကပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကုက္ကိုလ်ရွာရှိနေအိမ်များနှင့်ပြည်သူများ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအပေါ် MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို M7 People’s Defense Armyနှင့်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြေသော God Of Mying၊ဗိုလ်စကားပြောက်ကျားတပ်ဖွဲ့နှင့် ပေါက်မြို့နယ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ပုလဲမြို့မရဲစခန်းမှ ကင်းပတ်လာသော စစ်ကောင်စီတပ်သားများကို M7 People’s Defense Army ကမိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။