စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊တောင် ပလူရွာအနီးတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ် သည် ဒေသခံရွာသား ၁၇ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၁၇ရက်နေ့၊ တောင်ပလူရွာ၊ ဘုရားတောင်ရိုးအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် သုံးပွင့်ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား၁၇ဦးသေဆုံးခဲ့သော ခမရ(၃၆၃)တပ်ကို လက်နက်ကြီးပစ်ကူနှင့် ခြေလျင်စစ်ကြောင်းတို့ဖြင့် လာရောက်ကယ်ထုတ်ခဲ့ရပြီး ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ စစ်တပ်အထိုင်စခန်းသို့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့၊ ပြန်လည်ဆုတ်ခွာစဉ် ကသစ်ကုန်းရွာသားများအား ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း Kawlin Revolution-KR ကထုတ်ပြန်သည်။
“စစ်သားတွေသေစာရင်းကို ကိုးတောင်ဘို့အထိုင်စခန်းက ကျွန်တော်တို့ရဲ့ သတင်းပေးတွေဆီကနေ သိရတယ်။ရွာသားတွေကို ဖမ်းသွားတာကျတော့ ဒေသခံတွေပြောတာရော သတင်းပေးတွေ ပြောတာ ရောပေါ့။ဖမ်းသွားတာကတော့ သူတို့ သုံးပွင့်နဲ့ကောင်ပါ သေတာဆိုတော့ လုပ်မိလုပ်ရာ ရွာသားတွေကို မဲတဲ့သဘောပါ”ဟု ကျောက်ပျဉ်သာတိုက်နယ်PDFရဲဘော်တစ်ဦးကပြောသည်။
ထို့အပြင် ကန့်ဘလူမြို့နယ်၊ကျခပ်အိုက်ရွာသား ၃ဦးကိုလည်း ဖမ်းဆီးသွားကြောင်း KR ကဆိုသည်။
ဖမ်းဆီးခံကသစ်ကုန်းရွာသား၁၇ဦးအနက် ၂ဦးကို ဖေဖေါ်ဝါရီ၂၁ရက်တွင် စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းထွက်ပေါ်လာသော်လည်း အတည်မပြုနိုင်သေးကြောင်း KR က ထုတ်ပြန်ထားသည်။
ဘုရားတောင်ရိုးအနီးတိုက်ပွဲကို ကောလင်းခရိုင် တပ်ရင်း(1) မှ ဇင်ယော်လေးတပ်စိတ်၊ ထော်လှန်တပ်စိတ် နဲ့ကျောက်ပျဥ်သာတိုက်နယ် ပကဖ တို့ ပူပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သားအထိအခိုက် ၃၀ခန့်ရှိကြောင်း သိရသည်။
တိုက်ပွဲအတွင်းသေဆုံးသွားသော သုံးပွင့်ဗိုလ်ကြီး၏အမည်မှာ ဧရာမင်းဖြစ်ကြောင်း လည်း သိရ သည်။
ယင်းတိုက်ပွဲအတွင်း စစ်သားများသေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်၍ MPA အနေနှင့် သီးခြား အတည်မပြုနိုင်သေးပေ။