ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာအထွက်တွင် တပ်ချိန်းသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ဦးသေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့က ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) ၏ လှုပ်ရှားစစ်နယ်မြေ ဖြစ်သော ဒီမော့ဆိုမြို့၊ကုန်းသာ ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KRUတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KRU၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
“မနေ့က ဒီခွေးတွေ တပ်ချိန်းတဲ့အချိန်မှာ ကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ဖေဖော်ဝါရီလ၁၉ရက်နေ့ ညနေ ၅နာရီ ၂၅မိနစ် မှ ညနေ ၆နာရီ အချိန်ထိဖြစ်တာပေါ့။နာရီဝက်လောက်ပဲကြာတယ်။သူတို့တပ်ချိန်းတဲ့အချိန်ကိုသေချာစောင့်ကြည့်သတင်းထောက်ပြီးမှ လုပ်ခဲ့တာပါ”ဟု ၎င်းကပြောသည်။
တိုက်ပွဲအပြီး MA-1 သေနတ် တစ်လက် ၊ ကျည်ဘောက် ၃ဘောက် နှင့် ကျည် ၂၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” မနေ့က တပ်ချိန်းတဲ့အထဲမှာ သူတို့ဘက်က ၁၅ယောက်ပါတယ်။၆ယောက် ၇ယောက်လောက်ထိတယ်။သေတယ်လို့ပြောလို့ရတယ်။အဲ့အချိန် သူတို့ဆီကို အရမ်းမကပ်ဘဲ ရရာယူပြီး ဆုတ်ခဲ့တာ။ကုန်းသာရွာအထွက်မှာပေါ့”ဟု ကိုလင်းလင်းကဆက်လက်ပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး များ ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း KRU ရဲဘော်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းနှင့် ကယား(ကရင်နီ) ဒေသ အတွင်း စစ်ကောင်စီတပ်ကို အဆုံးထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း KRU ကထုတ်ပြန်ထားသည်။