မကွေးတိုင်း၊သရက်မြို့နယ်အတွင်းရှိ ရဲစခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသည့်ကားကို မိုင်းဆွဲခဲ့ရာ စခန်းမှူးအပါအဝင်၈ဦးသေဆုံးကြောင်း Eagle Force တပ်ဖွဲ့ထံက သိရသည်။
ယနေ့ နံနက် ၆ နာရီခန့်က သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်း ကို ၄၀ မမ ဗုံးသီးလောင်ချာ နှင့် ၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး စခန်းမှူး၊ ဒုရဲအုပ်နှင့် ဒုတပ်ကြပ် တို့ သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
“မနက် ၆ နာရီ မှာ ရဲစခန်းကို ၄၀ မမ နဲ့ပစ်တာ ၂လုံးစခန်းကိုကျတယ်။ စခန်းမှုး၊ ဒုရဲအုပ်၊ ဒုတပ်ကြပ် သေတယ်။စစ်ကူလာတဲ့ကားကို ကြိုစောင့်နေတဲ့အဖွဲ့က မိုင်းထပ်ဆွဲတာ။ စစ်သား ၅ ယောက်သေတယ်။ စစ်သားတွေ စီးလာတဲ့ Light Track ကားအဖြူလေးကတော့ ပက်လက်လန်သွားတယ်။ အနီးဝန်းကျင်ကို ပစ်ခတ်ပြီး တောနင်းရှာဖွေနေတာတွေလုပ်နေတယ်လို့ ကျနော်တို့သတင်းရတယ်။ သေဆုံးတဲ့ ရဲနဲ့စစ်သားတွေကို နာရေးကား ၂ စီးနဲ့ သရက်ကို သယ်သွားတယ်”ဟု Eagle Force သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောသည်။
စစ်ကူ စစ်သားအင်အား၂၅ဦးခန့်မှာ ကပစ(၁၂)မှ လာခြင်းဖြစ်ပြီး ပုဏ္ဏားရွာနှင့် တည်လည်ရွာကြားတွင် စောင့်ကြိုမိုင်းဆွဲခဲ့ရာ ဒဏ်ရာရသူလည်း များကြောင်း သိရသည်။
စစ်သားနှင့်ရဲတို့ သေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်၍ MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယနေ့ နံနက် ၈ နာရီခန့်ကလည်း စစ်သား ၅ ဦးရှိသည့် မင်းတုန်းမြို့ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှု ရှိ/မရှိ ကိုမူ မသိရှိသေးပေ။
ဆင်ကော်ရဲစခန်းကို တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲခြင်းကို သရက်ခရိုင် PDF အမှတ်(၄)တပ်ရင်း(Eagle Force) နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးသီးချခြင်းကို Eagle Force တစ်ဖွဲ့တည်းက ဆောင်ရွက်ခြင်းဖြစ်သည်။