စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၈ နေ့လယ် ၂ နာရီ ၄၅ မိနစ်၌ မုံရွာဘက်မှထွက်လာသော စစ်ကား ၁ စီးကို ပဒေသမိုင်း ၃ လုံးဖြင့် ခင်မွန်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“မုံရွာကနေထွက်လာတဲ့ စစ်ကားကို ခင်မွန်ရွာအနီးမှာ မိုင်းဆွဲလိုက်တာ စစ်ကားကတော့ အမိုးတွေ စုတ်ပြဲသွားတယ်။ စစ်သား ဘယ်လောက်ပါလဲဆိုတာတော့ အမိုးအုပ်ထားလို့ ကျနော်တို့ မသိရဘူး။ ထိခိုက်ဒဏ်ရာရနေတဲ့ စာရင်းအတိအကျကိုလည်း ကျနော်တို့ မစုံစမ်းရသေးဘူးဗျ။ ကျနော်တို့ကို မနေ့ကညနေ ၄ နာရီလောက်ကတည်းက စစ်ကြောင်းထိုးနေတာ ဒီမနက်ဆို ခင်မွန်ရွာနားထိ ရောက်နေပြီ”ဟု ဒေါင်းမင်းစစ်ကြောင်း-တပ်ခွဲ တာဝန်ခံက ပြောသည်။
မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ အင်အား ၃၀၀ ခန့်သည် စစ်ကြောင်းများခွဲ၍ ယင်းအနီးတဝိုက်တွင် စစ်ကြောင်းထိုးနေသည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို People’s Defense Force – South Monywa၊Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲနှင့် Forces Our History (ငါတို့သမိုင်း) တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း Monywa People’s Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲနှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး တောပုရွာမှ ပျူစောထီးများကို လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့သေးသည်။