မုံရွာမြို့ထိပ်၊ စစ်ဆေးရေးဂိတ်က စစ်သား ၂ ဦးကို အသံမိုင်း ဖောက်ခွဲပြီး မျှားခေါ်ကာ အလစ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Chindwin Attack Force က ယနေ့ထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ ၁၄ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၊ ရေဦးဆန်ဆိုင်နားတွင် တပ်စွဲထားသည့် စစ်သားများကို အသံမိုင်း အရင်ဖောက်ခွဲ၍ မျှားခေါ်ခဲ့ရာ ဘန်ကာထဲမှ စစ်သား ၂ ဦး ထွက်လာစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (Chindwin Attack Force)၏ သတင်းအတည်ပြုချက်အရ စစ်သား ၂ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ မုံရွာဘိုးဘွားရိပ်သာနားပေါ့။ ရေဦးဆန်ဆိုင်နားမှာ စခတွေရဲ့ စစ်ဆေးရေးဂိတ်ရှိတယ်။ မကြာခဏအဲဒီဂိတ်ကို PDF တွေလာပစ်ပြီး သေကြတယ်။ ခဏခဏ သေနေတာတောင် အဲဂိတ်က စစ်သားတွေက ဖြတ်လာတဲ့ကားတွေ ဆိုင်ကယ်တွေဆီကနေ ပိုက်ဆံအတောင်း အရမ်းမပျက်ဘူး။ အသေခံတောင်းတော့ ဟိုက လာပစ်တာတောင် နည်းသေးတယ်”ဟု မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရပြီး သိပ်မကြာခင် လူနာတင်ယာဉ်ဖြင့် အလောင်းလာတင်သွားကြောင်း ၎င်းက ဆက်ပြောသော်လည်း MPA အနေနှင့် အမှန်တကယ် သေဆုံးသွားခြင်း ရှိ/မရှိ အတည်မပြုနိုင်ပေ။
ယင်းစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊တပ်ရင်း ၃ ၊တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊တပ်ရင်း – ၃ တပ်ရင်း ၄ ၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force )နှင့်
Spring Dove တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ ပူးပေါင်းကာ မုံရွာမြို့၊ ညောင်ပင်စောက် လဝက ရုံးတွင် တပ်စွဲထားသော စစ်သားများကို ကားပေါ်မှနေ၍ ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သေးသည်။