ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၈ နှစ်မြောက်မွေးနေ့ အမှတ်တရအဖြစ် MRG ရဲဘော်ကိုယ်တိုင် နံပြားဖုတ်ကာ ပဲပြုတ်နံပြားနှင့် လက်ဖက်ရည် အဝစားကျွေးမွေးခဲ့ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့အမှတ်တရအဖြစ် ထိုင်းနိုင်ငံ Rayong မြို့အခြေစိုက် Heroes Support Teamက MRGအား ကျပ်ငွေ တစ်သိန်းခွဲလှူဒါန်းကာ MRGရဲဘော်များကို ပဲပြုတ်နံပြားနှင့် လက်ဖက်ရည် ကျွေးမွေးကုသိုလ်ပြုခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် MRGက ရဲဘော်အားလုံးကို ပဲပြုတ်နဲ့နံပြား ကျွေးမွေးကုသိုလ်ပြုချင်ပါတယ်ဆိုပြီး ဖုန်းဆက်လှူဒါန်းလာတာပါ” ဟု ၎င်းကပြောသည်။
အညာဒေသတွင် အခြေစိုက်သည့် MRGတပ်ဖွဲ့အနေဖြင့် ပဲပြုတ်ရရှိရင် လွယ်ကူသော်လည်း နံပြားမှာယူရန် အဆင်မပြေသောကြောင့် တပ်ဖွဲ့ဝင် ရဲဘော်ကိုယ်တိုင် နံပြားဖုတ်ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီနေ့မနက် ၁၀နာရီက စကျွေးတာ။ စခန်းမှာရှိတဲ့ ရဲဘော်အားလုံးကို အဝစားပေါ့။ အညာဒေသကလည်းဖြစ်တော့ ပဲပြုတ်အတွက် လွယ်လင့်တကူ ဖန်တီးလို့ရသော်လည်း နံပြားအတွက်က တော်တော်ကသီနိုင်တယ်။ နံပြားဖုတ်ဖို့အတွက် နံပြားဖိုလုပ်ရမှာနဲ့ နံပြားအတွက် ဂျုံမှုန့်အဆင်ပြေသွားပြီထားပါတော့ ခက်တာက နံပြားဖုတ်တတ်တဲ့သူ။ အဲဒါနဲ့ ရဲဘော်တွေထဲမှာ နံပြားဖုတ်တတ်တဲ့သူရှိလားလို့ မေးလိုက်တော့ ရဲဘော်တစ်ယောက်က သူလုပ်တတ်ကြောင်းချက်ခြင်းပြောတာနဲ့ အဆင်ပြေသွားတယ်” ဟု ၎င်းက ပြောသည်။
ယနေ့တွင် ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အာဏာရှင်ကို အဖြစ်ဖြတ်တော်လှန်နေသည့် ၎င်းတို့၏ သေနတ်ပြောင်းများ၌ ပန်းများထိုး၍ ဂုဏ်ပြုခဲ့ကြောင်းလည်း ဆိုသည်။