မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင်၏အိမ်ကို မိုင်းထောင် ဖောက်ခွဲခဲ့ပြီး လာရောက်စစ်ဆေးစဥ် ထပ်မံ ပေါက်ကွဲသဖြင့် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြိုင်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင် ထိန်လင်း၏ နေအိမ်တွင် ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲခဲ့သဖြင့် ညနေ ၃ နာရီ ဝန်းကျင်၌ စစ်သားနှင့်ပျူစောထီး ၈ ဦး လာရောက်စစ်ဆေးစဉ် နောက်ထပ် ပေါက်ကွဲခဲ့ရာ စစ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦးလည်း ဒဏ်ရာရရှိကြောင်း မြိုင်(ပကဖ)တပ်ရင်း-၁ ထံက သိရသည်။
“ကျနော်တို့ ထောင်ထားတာ လွန်ခဲ့တဲ့ ၂ ရက်ကတည်းက။ အခွင့်မသာသေးလို့ စောင့်နေတာ။ မနေ့က မနက်ပိုင်း ၃ နာရီ ၄၅ မိနစ် ၁ လုံး အရင်ခွဲလိုက်တာ။ စစ်ခွေး ပျူခွေးတွေ မိုင်းလာရှင်းချိန် ၄ နာရီဝန်းကျင်မှာ နောက်၁လုံးထပ်ခွဲလိုက်တာ။ မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦး သေဆုံးတယ်။ ဒီ mission ကို ကျနော်တို့ တပ်ရင်းက ဗိုလ်မိုက်ခဲ ဦးဆောင်ပြီးလုပ်တာ”ဟု မြိုင်(ပကဖ)တပ်ရင်း-၁ တာဝန်ခံ ဗိုလ်လက်ယာက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျူစောထီးခေါင်းဆောင်၏နေအိမ်သို့ စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး နာရေးကူညီမှုကားနှင့် စစ်သားအလောင်းကို သယ်ဆောင်သွားကြောင်း သိရသည်။စစ်သားနှင့် ပျူစောထီးတို့ သေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်၍ MPA အနေနှင့် သီးခြားအတည်မပြုနိုင် သေးပေ။
အဆိုပါတိုက်ခိုက်မှုသည် ပျူစောထီးများအား ပြည်သူလူထုနှင့်ပူးပေါင်း၍ အလင်းဝင်ကြရန် သတိပေးသည့်အနေဖြင့်ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာအနီး စစ်ဆေးရေးဂိတ်ကို မြိင်(ပကဖ) တပ်ရင်း-၁နှင့် မဟာမိတ်တပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသည်။